သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးအမှုတွင် လိုပြသက်သေ ၃ ကြိမ်မြောက် ရုံးချိန်းပျက်ကွက်


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၃၁ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 566

ရခိုင်အမျိုးသားရေးဆိုင်ရာ အခမ်းအနားတစ်ခုဖြစ်သည့် ဩဂုတ် ၁၃ စစ်တွေဆန်ပြဿနေ့ အခမ်းအနားကို တက်ရောက်ခဲ့ရုံမျှဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေး၏ရုံးချိန်းတွင် တရားလိုပြသက်သေရောက်မလာ၍ ၃ ကြိမ်မြောက် ရုံးချိန်းရွေ့ဆိုင်းလိုက်ရသည်ဟု မိသားစုဝင်များက ပြောသည်။


ယ‌နေ့ အောက်တိုဘာ ၃၁ ‌ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း တရားလိုပြသက်သေ မရောက်ရှိသည့်အတွက်ကြောင့် လာမည့် နိုဝင်ဘာလ ၆ ရက်သို့ ထပ်မံရုံးချိန်းရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါ်ညိုအေးအမှုတွင် တရားလိုပြသက်သေ ၂ ဦးစစ်ဆေးရန် ကျန်ရှိနေပြီး ယခုကဲ့သို့ ၃ ကြိမ်ဆက်တိုက် ပျက်ကွက်သည့်အတွက်ကြောင့် နောက်တစ်ပတ်တွင် ဒေါ်ညိုအေးဘက်မှ သက်သေများအား စစ်ဆေးသွားမည်ဟု သမီးဖြစ်သူ မစောမြသန္တာက ဆက်ပြောသည်။

"လိုပြသက်သေဘက်က တစ်ယောက်က နေမကောင်းလို့တဲ့။ တစ်ယောက်က အလုပ်နဲ့ရန်ကုန်ကိုပြောင်းသွားတာတဲ့။ တရားသူကြီးက နောက်အပတ်မှာ အမေ့ဘက်က သက်သေတွေ စစ်ဆေးမယ်လို့ ပြောပါတယ်" ဟုပြောသည်။

ဒေါ်ညိုအေးအမှုတွင် တရားလိုပြသက်သေများထဲမှ စခန်းမှူးတစ်ဦးနှင့် စရဖတစ်ဦးတို့ကို ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်ရုံးချိန်းက စတင်စစ်ဆေးခဲ့သည်ဟု သိရသည်။

ယင်းအပြင် လိုပြသက်သေများထဲမှ မင်းဂံရဲစခန်းမှ စခန်းမှူးနှင့် ဂတ်စာရေးတို့ကိုလည်း အောက်တိုဘာလ ၉ ရက်တွင် ဆက်လက်စစ်ဆေးခဲ့သည်။

ယင်းနောက် အောက်တိုဘာလ ၁၆ ရက်၊ ၂၃ ရက်နှင့် ယနေ့ အောက်တိုဘာ ၃၁ ရက်ရုံးချိန်းတို့တွင် လိုပြသက်သေများ ၃ ကြိမ်တိုင် ရုံးချိန်း ပျက်ကွက်နေခြင်းဟု သိရသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်ညိုအေးသည် အဖျားအပူချိန်ကျဆင်းသွားပြီဖြစ်သော်လည်း ဆီးချိုနှင့် သွေးတိုးရောဂါ မကျဖြစ်နေသည့်အတွက် အမြန်ဆုံးအမှုကိုပြီးစီးကာ ဆေးကုသခွင့် ရရှိလိုကြောင်း သမီးဖြစ်သူ မစောမြသန္တာက ပြောသည်။

"သွေးတိုးက ၁၄၀ လောက်ရှိတယ်။ ဆီးချိုက ၂၈၀ ရှိတယ်။ အရင်ဆုံး ဒီအမှုကို ပြီးဆုံးစေချင်တယ်။ မေမေက နေမကောင်းတော့ အသက်ကလည်းကြီးနေပြီ။ စိတ်ထဲမှာ ကသိကအောက်ဖြစ်ရင်တောင် သွေးကဆောင့်တိုးတတ်တဲ့ လူမျိုးဆိုတော့။ နားနားနေနေနဲ့ အိမ်မှာထားချင်တယ်" ဟုပြောသည်။


ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

သူမသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသား သမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်း အောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် စစ်တွေမြို့မရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

၎င်းကိုဖမ်းဆီးစဉ်က ပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၅ ရက်ရုံးချိန်းတွင် ပုဒ်မ ၅၀၅(က)သို့ ပြောင်းလဲစွဲဆိုခဲ့သည်။

ယခုပြောင်းလဲစွဲဆိုလိုက်သည့် ပုဒ်မ ၅ဝ၅(က)သည် ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော် လည်းကောင်း၊ ပျက်ကွက်ခြင်းသော် လည်းကောင်း၊ ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုလည်း သိရသည်။

 

ဆက်စပ် သတင်းများ