အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်မိရုံဖြင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ်မတတ်ကာ ဖမ်းဆီးတရားစွဲခံရသူဒေါ်ညိုအေးကို ပထမဆုံးအကြိမ်ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 654

စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်မိခဲ့၍ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် စစ်တွေမြို့မှ အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ယနေ့ဩဂုတ်လ ၂၉ ရက်တွင် ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့သည်။

ဒေါ်ညိုအေးကို ယနေ့နေ့လယ် ၁ နာရီက စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး ရုံးထုတ်လာစဉ် ဒေါ်ညိုအေးနှင့် စကားအနည်းငယ်ပြောခွင့်ရခဲ့သည်ဟု ရခိုင်အလင်းတံခါးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်ကပြောသည်။

"အချုပ်ကားထဲကနေ စကားနည်းနည်းပြောခွင့်ရလိုက်တယ်။ ကျန်းမာရေးအခြေအနေကောင်းတယ် လို့တော့ သူကပြောတယ်" ဟု ပြောသည်။

ဒေါ်ညိုအေးကို လာမည့် စက်တင်ဘာလ ၁၂ ရက်သို့ ရုံးချိန်းထပ်ပေးလိုက်ကြောင်း ကိုယ်တိုင်သွားရောက်သတင်းရယူခဲ့သည့် နိရဥ္စရာသတင်းထောက်ကပြောသည်။

"ဒေါ်ညိုအေးကို စက်တင်ဘာလ ၁၂ ရက်ကိုရုံးချိန်းပေးလိုက်ပါတယ်။ သူ့ရဲ့မိသားစုဝင်(သမီး)ကတော့ စိတ်မကောင်းဖြစ်ပြီးတော့ ပြန်သွားတာတွေ့ရတယ်" ဟု ပြောသည်။

အသက် ၆၈ နှစ်အရွယ်ရှိ ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့ ၏ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်ညိုအေးသည် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့၍ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးပြီးနောက် သူမကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှတ်(၁)ရဲစခန်းမှူးက
တရားလိုပြုလုပ်ကာအမှုဖွင့်ပြီး စစ်တွေထောင်အချုပ်သို့ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။

ပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒေါ်ညိုအေးတက်ရောက်ခဲ့သည့် စစ်တွေဆန်ပြဿနာနေ့အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသည် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်တွင် ရခိုင်၌ ဆန်ရေစပါးရှားပါးမှုကို အစိုးရက ဖြေရှင်းပေးရန် စစ်တွေလူထုက လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုသည်ကို စစ်တပ်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် လူပေါင်း ၃ဝဝ ခန့် သေဆုံးခဲ့ရသည်ကို အောက်မေ့ဖွယ်ပြုလုပ်ခဲ့သည့် အခမ်းအနားဖြစ်သည်။

အဆိုပါဆန်ပြသနာနေ့အခမ်းအနားကို ပြုလုပ်ခြင်းဖြင့် ရခိုင်ပြည်သူများအပေါ် စစ်အစိုးရ၏မတရားအကြမ်းဖက်မှုသမိုင်းကို ဖော်ထုတ်ရာရောက်သဖြင့် အနာပေါ်တုတ်ကျကာ ယခုကဲ့သို့ပြည်သူများအား ဖမ်းဆီးတရားစွဲခြင်းသာဖြစ်ကြောင်း ရခိုင်အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

"ဆန်ပြဿနာနေ့အခမ်းအနားက အရင်က ဦးမောင်မောင်အုန်းတို့လက်ထက်မှာလည်း လုပ်ခဲ့ကြတာပဲ။
အဲဒီတုန်းကဆိုရင် စစ်တွေကဘုရားကြီးမှာ ပြည်သူလူထုအများကြီးနဲ့လုပ်ခဲ့ကြတယ်။ အဲဒီတုန်းကလည်း ဘာပြဿနာမှမရှိဘူး။ ပြီးတော့ အရင့်အရင်နှစ်တွေကလည်း လုပ်လာကြတာပဲ။ ဘာပြဿနာမှမရှိခဲ့ဘူး။ အခုမှ ဒီလိုလုပ်တယ်ဆိုတာကတော့ သူတို့ရဲ့ရာဇဝင်ကို ဖော်ထုတ်သလိုပုံစံမျိုး အနာကိုတုတ်ကျသွားတာလားမပြောတတ်ဘူး" ဟု ပြောသည်။

ဒေါ်ညိုအေးမှာ ဆန်ပြဿနာဖြစ်သည့် ၁၉၆၇ ခုနှစ်တွင် အသက် ၁၃ နှစ်အရွယ်ရှိပြီး ယင်းနှစ် သြဂုတ်လ ၁၃ ရက် ဆန္ဒပြမှုဖြစ်စဉ်နှင့် ပြည်သူများပစ်ခတ်ခံရ၍သေဆုံးမှုကို ကြုံတွေ့ခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။ (NN- 12/ NN-23)

ဆက်စပ် သတင်းများ