တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကျောက်တော် အလယ်ကျွန်းရွာကို စစ်ကောင်စီဂျက်တိုက်လေယာဥ်ဖြင့် လာပစ်၊ သားဖ ၂ ဦးပွဲချင်းသေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 708

မောင်စာဂ/နိရဥ္စရာ၊ မေ ၆/၂၀၂၄

ရခိုင်ပြည် ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် သားဖနှစ်ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်း၏အရှေ့ဘက်ကို ယနေ့ မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီဂျက်တိုက်လေယာဥ်တစ်စီးက ပထမအကြိမ်ဗုံးတစ်လုံးကြဲချခဲ့ပြီး ယင်းဖြစ်စဥ်တွင် သားဖနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ ၆ ဦးဒဏ်ရာရသွားကြောင်း ရွာသားများက ပြောသည်။

သေဆုံးသွားသူများမှာ ဦးနီထွန်းဦး (၇၀) ကျော်နှင့် သားဖြစ်သူ ကိုမောင်ဟန် (၃၀)ကျော်ဖြစ်သည်။

ဒဏ်ရာရသွားသူများအနက် ဒေါ်နုနုရီ(၅၀)ကျော်နှင့် မစောမေသိန်း(၃၀)ကျော်တို့သည် ဒဏ်ရာပြင်းထန်၍ ကျောက်တော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်နေကြကြောင်း ရွာသားများက ပြောသည်။

"သားဖနှစ်ယောက်တော့ ပွဲချင်းသေသွားပါတယ်။ ဒဏ်ရာရတာက ၆ ယောက်။ ဘယ်သူတွေဆိုတာ ထွက်ပြေးနေရလို့ အတိအကျမသိရသေးပေမဲ့ အဲဒီထဲက ဒေါ်နုနုရီနဲ့ မစောမေသိန်းတို့ကတော့ ဒဏ်ရာပြင်းတယ်"ဟု ပြောသည်။

ယင်းအပြင် သေဆုံးသွားသူ ဦးနီထွန်းဦးတို့နေအိမ်အပါအဝင် နေအိမ် ၃ လုံး ပျက်စီးသွားကြောင်း သိရသည်။

နောက်ထပ်နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီဂျက်တိုက်လေယာဥ်က ဒုတိယအကြိမ် ရွာဘုန်းကြီးကျောင်းကို လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်း အထက်လွှာတစ်ခုလုံး ပြိုပျက်သွားကြောင်း သူက ဆက်ပြောသည်။

"ဒုတိယအကြိမ်လာပစ်လို့ ဒဏ်ရာရတာတော့ မကြားမိသေးဘူး"ဟု ပြောသည်။

 

ယခုဖြစ်စဥ်ကြောင့် ရွာသားများကြောက်လန့်တိမ်းရှောင်နေကြရကြောင်းလည်း သိရသည်။

အလယ်ကျွန်းရွာတွင် အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ