သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ငါးဖမ်းသင်္ဘောများကို မြန်မာဘက်က ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ကန့်ကွက်စာရေးသားပေးပို့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၄

 

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသင်္ဘောများကို မြန်မာဘက်က ပစ်ခတ်ခဲ့ မှုနှင့်ပတ်သက်ပြီး မြန်မာကို ကန့်ကွက်စာပေးပိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

 

မြန်မာ နယ်စပ်အနီးရှိ ကော့စ်ဘဇားခရိုင် တက္ကနက်နှင့် စိန့်မာဒင်ကျွန်းအကြားတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသင်္ဘောများကို မြန်မာဘက်က ပစ်ခတ်ခဲ့မှုနှင့်ပတ်သက်ပြီး ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ က မြန်မာနိုင်ငံထံသို့ ကန့်ကွက်စာ တစ်စောင် ကို ပေးပို့ခဲ့သည်ဟု The Daily Bangladesh သတင်းကဖော်ပြသည်။

 

 မြန်မာနိုင်ငံထံသို့ ကန့်ကွက်စာ တစ်စောင်ကို ပေးပို့ခဲ့သည်ဆိုသည့်သတင်းကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဇွန်လ(၁၃)ရက် တွင် အသိပေး ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

 

 " ပစ်ခတ်မှု ဖြစ်ပွားခဲ့တာတွေနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံကို ကျွန်တော်တို့ ကန့်ကွက်တဲ့ အသိပေးအကြောင်းကြားစာပေးပို့ ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာရှိတဲ့ ပြည်သူများနဲ့ ဘယ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ပစ်မှတ်ထားပြီး သေနတ်တွေ နဲ့ မပစ်ခတ်သင့်ပါဘူး" ဟု ၄င်းကပြောဆိုသည်။

 

 ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း ဗုံးဆန်များကျရောက်ခဲ့သည့် ဖြစ်စဥ်ရှိခဲ့သည့်အတွက် ယခင်ကလည်း ကန့်ကွက်မှု ပြုလုပ်ခဲ့ရ ကြောင်း လည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

 

 "မြန်မာနိုင်ငံအတွင်း မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေဟာ သူတို့ရဲ့ပြည်တွင်းရေးကိစ္စပါ။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပြည်သူများနဲ့ ပိုင်ဆိုင်မှုတွေကိုတော့ မထိခိုက်စေသင့်ပါဘူး ” ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားလာနေသည့်အတွက် နှစ်နိုင်ငံ နယ်နမိတ်ကို ပိုင်းခြား ထားသည့် နတ်မြစ်၏ တစ်ဖက်ကမ်း၊ ကော့ဘဇား၊တက္ကနက်ရှိ Shah Porir Dwip တွင် ပြည်သူများ အထိတ်တလန့် ဖြစ်နေကြရသည်။

 

 မြန်မာစစ်သင်္ဘောတစ်စင်းသည် နတ်မြစ်ကမ်း ၊ မြန်မာဘက်ခြမ်း( ဘင်္ဂလားဒေ့ရှ်၊ Shah Porir Dwip ၏ တစ်ဖက်ကမ်း)သို့ ဇွန်၁၂ရက် မွန်းလွဲပိုင်းက သို့ ရောက်ရှိလာခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာသည်ဟု ၎င်းက ဆက် ပြောသည်။

 

 မြန်မာဘက်မှ ပေါက်ကွဲသံများသည် ဇွန်လ၁၃ရက်၊ နံနက် ၁၁ နာရီအထိ ကျယ်လောင်စွာ ထွက်ပေါ် လာသည့် အတွက် ဒေသခံပြည်သူများသည် တစ်ညလုံးနီးပါး မအိပ်စက်ရဘဲ နေခဲ့ကြရကြောင်း ဒေသခံများက ပြောဆိုသည်။

 

 မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော် (AA) တို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ကာ ပြင်းထန်သော တိုက်ပွဲများကြောင့် စစ်အစိုးရတပ်များ သည် နောက်ပြန်ဆုတ်ခဲ့ရပြီး အများအပြားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ၀င်ရောက် ထွက်ပြေးခဲ့ကြသည်။

 

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးတ ို့သည် ဇွန်၁၃ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်းလည်းသိရသည်။

 

 နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံ ပြည်သူချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက၏သတင်းစာများတွင်ဖော်ပြချက်အရသိရသည်။

 

ထိုသို့တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်က မြန်မာထံ ကန့်ကွက်စာပေးပို့မှုအကြောင်း မူ ထည့်သွင်း ဖော်ပြထားသည်ကိုမူမတွေ့ရပေ။

 

 Source/ The Daily Bangladesh/

 

ဆက်စပ် သတင်းများ