တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ပဲခူးတိုင်း မုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံး


  • ရေးသူ: Web Master (NN 24)
  • | ရက်စွဲ: ၀၇ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.2k


(လူပေါင်း ၃ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရ)


ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲ၌ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦးသေဆုံးသွားပြီး လူပေါင်း ၃ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်း သိရသည်။

သေဆုံးသွားသူများမှာ မုန်းမြို့နယ်၊ ငထွေစုပ်ရွာမှ အသက် ၁၂ နှစ် အရွယ်ရှိ စောလားခူဝါးဆိုသူနှင့် ပရဲစီရွာမှ အသက် ၈၃ နှစ်အရွယ် စောကျော်ဟိန်းဆိုသူတို့ဖြစ်ကြသည်။

စက်တင်ဘာလ ၃ ရက်တွင် မုန်းမြို့နယ် ငထွေစုပ်ရွာအနီးတဝိုက်ကို စစ်ကောင်စီတပ် ခမရ−၄၃၉ နှင့် ခလရ−၆၀ တပ်များက လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ပြီ ဂျက်ဖိုက်တာ ၄ စင်းကလည်း ငထွေစုပ်ရွာထဲကို ပစ်ခတ်တိုက်ခဲ့ရာ စောလားခူဝါးဆိုသူ သေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ထားသည်။

ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ် ၃ လုံးပါ ပျက်စီးခဲ့ရသည့်အတွက် မျက်ရဲ ကရင်ရွာ၊ ငထွေစုပ်ရွာ၊ ဆေးပုလဲရွာ၊ မိသ္သလင်ရွာ၊ ဗမာ မျက်ရဲရွာ တို့မှ စုစုပေါင်း ဒေသခံ ၂၈၀၀ ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးနေရပြီး စာရင်းကောက်ခံ၍ မရသေးသည့်ရွာများလည်း ကျန်ရှိနေသေးကြောင်း KNU ဗဟိုက ဖော်ပြထားသည်။



စက်တင်ဘာလ ၄ ရက်တွင်လည်း စစ်ကောင်စီတပ် ခလရ−၆၀ က ပရဲစီရွာထဲကို လက်နက်ကြီးများနှင့်ပစ်ခတ်ခဲ့ရာ စောကျော်ဟိန်း ဆိုသူသည် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်၏ ပုဇွန်မြောင်းတွင်ရှိသော အမြောက်တပ် ခမရ−၂၀ ကလည်း စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းတွင် ညောင်ပင်ကြီးရွာထဲကို လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ ၆ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်ထိလည်း တိုက်ပွဲကဆက်ပြီးဖြစ်ပွားနေဆဲဖြစ်ကြောင်း KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက နိရဉ္စရာကို ပြောသည်။

‘’ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖက်အခြမ်းမှာတော့ ဒီကနေ့အထိ တိုက်ပွဲတွေက နေ့စဉ်ဆက်တိုက် ဖြစ်နေဆဲပါပဲ။ သစ်ချဆိပ်စခန်းကတော့ ကျွန်တော်တို့အနေနဲ့ အသေခံသွားရောက်နေထိုင်ဖို့ မရှိသေးဘူး။ ပြောရဖို့က စောတော့ စောနေပါသေးတယ်’’ဟု ပြောသည်။

အလားတူ စက်တင်ဘာလ ၅ ရက်နေ့က ကျောက်ကြီးမြို့နယ်၊ လော်မူသောရွာနှင့် ဘုရားလေးကုန်း ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်နှင့်ဘုန်းကြီးကျောင်းများ ပျက်စီးခဲ့ရပြီး ဒေသခံ ၇၀၀ နီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စာသင်ကျောင်း ၂ ကျောင်းလည်း ယာယီပိတ်ထားခဲ့ရကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလဆန်းပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး ဒေသခံ ၃ ထောင်ကျော်တို့ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရင်း ၄ ခုတို့ အထိုင်ချထားသည့် သစ်ချဆိပ်စခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါစခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက်ပိုင်း အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများထဲသို့ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်းမှလည်း ပစ်ခတ်နေကြောင်း သိရသည်။

Photo - 
𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ဆက်စပ် သတင်းများ