စနေ၊ အောက်တိုဘာလ ၅ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (၂)ဦးနှင့် မွတ်ဆလင် (၃၁) ဦး လိုက်ပါလာသည့်စက်လှေ ဘင်္ဂလားဒေ့ရှ် စိန့်မာတင်ကျွန်းသို့ တရားမ၀င် ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

ဂျွန်နသန်၊ နိရဉ္စရာ၊ ဇူလိုင် ၅/ ၂၀၂၄

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)မှ လက်နက်ကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင် (၂) ဦး နှင့် မြန်မာဘက်က မွတ်ဆလင်  (၃၁)ဦးတို့ကို တင်ဆောင် လာသည့် စက်လှေတစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် စိန့်မာတင် ကျွန်းဆီသို့ တရားမ၀င် ကျူးကျော် ဝင်ရောက်လာခဲ့ ကြောင်း ဒါကာထရီဗြူးက သတင်းဖော်ပြသည်။

၎င်းတို့သည်  အာရက္ခတပ်တော် နှင့် မြန်မာစစ်တပ် တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့် မောင်တောမြို့က ငါးဖမ်းစက် လှေတစ်စီးနှင့်အတူ ထွက်ခွာလာကြသူများဖြစ်ပြီး  စိန့်မာတင်ကျွန်း၏ မြောက်ဘက်ကမ်းရိုးတန်းသို့ သောကြာနေ့ (ဇူလိုင်လ ၅ ရက်)တွင် ဆိုက်ကပ် ရောက်ရှိ လာခဲ့သည်ဟုဆိုသည်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP)မှ တပ်ဖွဲ့ဝင် (၂) ဦး သည် လက်နက်များကိုကိုင်ဆောင်ထားကြပြီး ရိုဟင်ဂျာ (၃၁) ဦးတွင် အမျိုးသမီး (၁၀)ဦး၊ အမျိုးသား (၁၀)ဦး၊ ကလေး (၁၁) ဦး ပါဝင်ကြောင်း၊ ၎င်းတို့သည် စိန့်မာတင် ကျွန်းပေါ်တွင် ၀င်ရောက် ခိုလှုံခဲ့ကြကြောင်း တက်ကနက်မြို့နယ် အုပ်ချုပ်ရေးအရာရှိ ဖြစ်သူ Md Adnan Chowdhury က အတည်ပြုပြောဆိုသည်။

"မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သူတို့စီးနင်းလိုက်ပါလာတဲ့ စက်လှေရဲ့ အင်ဂျင်ဟာချို့ယွင်း သွားခဲ့ပါတယ်။ အဲဒီနောက်မှာ စက်လှေက ကမ်းပေါ်မှာ သောင်တင်သွားခဲ့တယ်လို့ ကျွန်တော် ကြားသိရပါတယ်"ဟု၄င်းကဆက်လက်ပြောဆိုသည်။

အဆိုပါဖြစ်စင်္သ၏ အခြေအနေကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) နှင့်ကမ်းခြေစောင့် တပ် တို့က ကိုင်တွယ်ဆောင်ရွက် လျက်ရှိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စိန့်မာတင် ကျွန်းတွင်နေထိုင်သူ မိုဟာမက်အေမင် ဆိုသူက အဆိုပါစက်လှေသည် ဇူလိုင်လ(၅)ရက် နံနက်အစောပိုင်းတွင် မိုးများရွာ သွန်းနေသည့်ကြားမှ စိန့်မာတင် ကျွန်း၏ ကမ်းခြေသို့ ရောက်ရှိ လာခဲ့ကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကမောင်တောမြို့နယ်တွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် မောင်တော ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

အဆိုပါတိုက်ပွဲများကြောင့် စက်လှေသည် မောင်တောမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီးလမ်းခုလတ်တွင် မုန်တိုင်းဝင်ရောက် ပြီးနောက် စက်လှေ၏ အင်ဂျင်သည် ပျက်ဆီး သွားကာ စက်လှေသည် စိန့်မာတင်ကျွန်း၏ အနောက်မြောက်ဘက်ကမ်းခြေသို့ ရောက်ရှိသွားပြီး သောင်တင်ခဲ့ခြင်းဖြစ်သည်။

ဒေသခံများက အဆိုပါဖြစ်ရပ်ကို သက်ဆိုင်ရာအာဏာပိုင်များထံ အကြောင်းကြားခဲ့ပြီးနောက် ၄င်းတို့ကို ဟိုတယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်ဟုဆိုသည်။

စိန့်မာတင်ကျွန်း၏အကြီးအကဲဖြစ်သူ Mujibur Rahman က ယခုအခါ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်က၎င်းတို့အား ထိန်းသိမ်းထား ကြောင်း ပြောကြားခဲ့သည်။

သို့သော် အဆိုပါ တရားမ၀င် ကျူးကျော်ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့တို့ က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရရှိသေး ဟုသိရသည်။ Source/Dhaka Tribune

ဆက်စပ် သတင်းများ