တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

AA နှင့် အပစ်ရပ်ထားသော်လည်း စစ်တွေဒေသခံ ၂ ဦးကို AA ဟု စွပ်စွဲကာ စစ်ကောင်စီတရားရုံးက ထောင် ၂ နှစ်စီချ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.4k

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ အကြား နားလည်မှုဖြင့် အပစ်ရပ်ထားသော်လည်း စစ်တွေမြို့နယ်မှ ဒေသခံ ၂ ဦးကို AA နှင့်ဆက်စပ်သည်ဟု ဆိုကာ စစ်ကောင်စီတရားရုံးတစ်ခုက  ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံလိုက်ရသည်ဟု သိရသည်။

ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကျေးရွာမှ ဦးဘသိန်း(၅၇)နှစ်နှင့် စစ်တွေမြို့နယ် သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခေါ်) မောင်မောင်ခင် (၅ဝ) နှစ်တို့ဖြစ်သည်။

သူတို့ကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ယနေ့ စက်တင်ဘာလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် စစ်တွေမြို့နယ်တရားရုံးက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅(က)ဖြင့် တစ်ဦးလျှင် ထောင် ၂ နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သူတို့ကို AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းတာ။ အဲဒါကို ၁၇(၁)နဲ့ စွဲရမယ့် အစား နိုင်ငံတော်ကို ဆူပူအောင်လုပ်တယ်ဆိုပြီး ၅ဝ၅(က)နဲ့ စွဲပြီး အခုလို ထောင်ချလိုက်တာပါဟု ပြောသည်။

သူတို့နှစ်ဦးသည် ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလဖြစ်သည့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၂၃ ရက်က စစ်တွေ၌ စစ်ကောင်စီရေတပ်အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီကလည်း စစ်တွေမှ အရပ်သား ၂၁ ဦးကို ဖမ်းဆီးခဲ့ရာတွင် သူတို့ ၂ ဦးလည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖမ်းဆီးခံခဲ့ရသူများအနက် အချို့မှာ ယင်းအချိန်ကပင် လွတ်မြောက်သွားခဲ့သူများလည်းရှိသလို လက်ရှိအချိန်ထိ AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသေးသူများလည်း ရှိနေသေးသည်ဟု သိရသည်။

ရခိုင်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သံသယဖြင့် တရားခံနေရသူ ၁ဝဝ ကျော် ရှိနေသေးသည်ဟုလည်း ရခိုုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့စာရင်းအရ သိရသည်။ (NN-16)

ဆက်စပ် သတင်းများ