အင်္ဂါ၊ ဇူလိုင်လ ၉ရက်၊ ၂၀၂၄

AA ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားသည့် လူငယ် ၂ ဦးနှင့် တစ်လကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးဟုဆို


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရန်ကုန်ကိုသွားသည့် လူငယ် ၂ ဦးအား ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များဟုဆိုကာစစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက်တစ်လကျော်ကြာသည့်တိုင်အောင် မိသားစုနှင့် အဆက်အသွယ်မရသေး၍ အလွန်တရာစိုးရိမ်ပူပင်နေကြသည်ဟု မိသားဝင်စုများက ပြောသည်။


မောင်ညီညီဆန်း၏ အစ်မဖြစ်သူ မသိန်းဆန်းနွယ်က "ဖမ်းထားတယ်ဆိုလည်း ဘာအမှုနဲ့ပဲဖြစ်ဖြစ်၊ ‌ထောင်ပဲကျကျပေါ့နော်။ အသက်ရှင်လျက်ရှိနေလား။ ကျန်းမာနေလား။ ဘယ်မှာရှိနေတယ်ဆိုတာကိုတော့ မိသားစုဆီကို တစ်ချက်လောက် ဆက်သွယ်ပေးပါလို့ တောင်းဆိုချင်ပါတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရသူများမှာ  မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ ဦးသိန်းရွှေနုနှင့် ဒေါ်ကျာမနုတို့၏သား မောင်ညီညီဆန်း(၁၉)နှစ်နှင့် သူနှင့်ရွယ်တူ နောက်ထပ်လူငယ်တစ်ဦးတို့ဖြစ်သည်။

သူတို့သည် ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ရန်ကုန်ကိုသွားသည့် ခရီးသည်တင်ကားတစ်စီးဖြင့် တောင်ကုတ်မြို့မှ လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့လိုက်ပါစီးနင်းလာရာတွင် ယင်းနေ့ ည ၁၀ နာရီခွဲ၌ ဂွမြို့အလွန်တွင်ရှိသော ဒေါင့်ချောင်းစစ်ဆေးရေးဂိတ်အရောက်တွင် ခရီးသည်များကို ရဲ၊ စစ်သားများနှင့် လဝကမှ တာဝန်ရှိသူများက မှတ်ပုံတင်များ စစ်ဆေးရာ၌ AA သံသယဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

မောင်ညီညီဆန်း၏ မိခင်ဖြစ်သူမှာ နဂိုကတည်းကပင် ကျန်းမာရေးမကောင်းသူဖြစ်ပြီး လက်ရှိတွင် သားဖြစ်သူ၏ သတင်းအစအနတစ်စုံတစ်ရာမသိရသည့်အတွက် သားစိတ်နှင့် စိတ္တဇရောဂါဝေဒနာပါ ခံစားနေရ၍ ဆေးခန်းပြနေရသည်ဟု အစ်မဖြစ်သူ မသိန်းဆန်းနွယ်က ဆက်ပြောသည်။

"
ကျွန်မတို့က နားမလည်လို့ ဘယ်ကိုသွားကြည့်ရမလဲမသိဘူး။ ဘယ်လို လုပ်ရမယ်မှန်းလည်း မသိလို့ပါ။ ပြောပြမယ့်သူတွေလည်း မရှိတော့လေ။ အမေက သားအငယ်ဆုံးစိတ်နဲ့ စိတ္တဇနာဖြစ်နေတာ"ဟုပြောသည်။

ဖမ်းဆီးခံရသည့် မောင်ညီညီဆန်းမှာ အသက် ၁၅ နှစ်အရွယ်ကတည်းက အိမ်မှထွက်ခွာကာ အပြင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်ဟု အစ်မဖြစ်သူ ပြောသည်။

သူနှင့်အတူဖမ်းဆီးခံသူမှာ အဆက်အသွယ်တစ်စုံတစ်ရာမရ‌သေးသည့်အတွက်ကြောင့် မည်သူမည်ဝါမှန်း မသိရသေးပါ။

ရခိုင်မှ ရန်ကုန်ကိုသွားသည့် ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ပေါင်းများစွာတိုးချထားပြီး ထိုစစ်ဆေးရေးဂိတ်များတွင် ခရီးသည်များကို မထင်လျှင်မထင်သလို စစ်ဆေးမှုများနှင့် ငွေကြေးတောင်းခံမှုများလည်းရှိသည်ဟု ဒေသခံများနှင့် ကားသမားများက ပြောသည်။

ဓာတ်ပုံ - ဖမ်းဆီးခံထားရသည့် မောင်ညီညီဆန်းအားတွေ့ရစဉ်။

 

 

ဆက်စပ် သတင်းများ