တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

ကျောက်ဖြူက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.6k

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများမှာ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၊ အနောက်ပိုင်းရပ်ကွက်မှ ရခိုင်အဆိုတော် နဂါး၊ သန်ပန်ချောင်းရပ်ကွက်မှ ဦးဘကြည်(၆၅)နှစ်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝီလီယမ် တို့ဖြစ်ကြောင်းသိရသည်။

၄င်းတို့အား ယနေ့နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီနှင့် ရဲပူးပေါင်းတပ်ဖွဲ့က အင်အားအပြည့်အစုံနှင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

" ဖမ်းတာကတော့ ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့က ကားတွေနဲ့လာပြီးဖမ်းခေါ်သွားတာပါ။ ကားပေါ်ပါလာတဲ့ ရဲတွေစစ်သားတွေအကုန်လုံးက Mask တပ်ထားကြတယ်" ဟု သူကပြောသည်။

ယနေ့မနက်ပိုင်းက ကိုနဂါးသည် သူပိုင်ဆိုင်သည့်  ရေဆေးခုံတွင်လုပ်ကိုင်နေစဥ် စစ်ကောင်စီနှင့် ရဲပူးပေါင်းအဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း မြို့ခံများကပြောသည်။

စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်ကိုမူ ယနေ့မွန်းလွဲ ၁၂ နာရီအချိန်က လာရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

သန်ပန်ချောင်းရပ်ကွက်က ဦးဘကြည်ကို ယနေ့ညနေ  ၃ နာရီဝန်းကျင်က စစ်ကားတစ်စီး၊ ရဲကားတစ်စီးဖြင့်လာရောက်ကာ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း မျက်မြင်ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးက ပြောသည်။

" ညနေပိုင်းက ကျွန်တော့်ရှေ့တင်ပဲ ဦးဘကြည်ကိုဖမ်းသွားကြတာပါ" ဟု ပြောသည်။

လက်ရှိတွင်ဖမ်းဆီးခံထားရသူ ၄ ဦးကို မည်သည့်တပ်ရင်း၊ စခန်းများတွင် ထားသည်ကိုမူ မသိရှိရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့်ယနေ့မနက်ပိုင်းကျောက်ဖြူမြို့နယ် စနဲရဲစခန်းနှင့် မင်းပြင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုများမှာ မြို့ပေါ်ဘက်သို့ပြောင်းရွှေ့ ထွက်ပြေးသွားခဲ့ကြောင်းဒေသခံများက ပြောသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ယနေ့မနက်ပိုင်းကစတင်ကာ ရက္ခိုင့်တပ်တော် AA ကစခန်းသိမ်း တိုက်ပွဲများဆင်နွှဲနေချိန် ကျောက်ဖြူ၊ ရမ်းဗြဲ၊သံတွဲတောင်ကုတ်အစရှိသည့်မြို့နယ်များကို စစ်ကောင်စီက အင်အားအပြည့်အစုံဖြင့်လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း ဒေသခံများကပြောသည်။(NN-23)


ဆက်စပ် သတင်းများ