တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

စစ်ကောင်စီက "ULA/AA ကို အလိုမရှိ" စာများကပ်၍ ဝါဒဖြန့်


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 3.9k

စစ်ကောင်စီက ရခိုင်ပြည်နယ်မှ ကျောက်ဖြူမြို့အပါအဝင်မြို့အချို့တွင်ULA/AA ကိုအလိုမရှိဟုစာများကပ်ကာ ရခိုင်လူထုအကြား ထင်ယောင်ထင်မှားဖြစ်အောင်ဝါဒဖြန့် သွေးခွဲမှုများပြုလုပ်နေသည်ဟုသတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်က ULA/AA ကို အလိုမရှိဆိုသည့် စာများကို အမည်မသိလူတစ်စုက ကျောက်ဖြူမြို့မှ အထင်ကရနေရာများ ဖြစ်ကြသည့်  နဒီသောင်ယံကမ်းခြေမြို့ဝင်ဆိုင်းဘုတ်၊ ကျောက်ဖြူမြို့မဈေးကြီးအနီးရှိ ဓာတ်တိုင်တချို့နှင့် မြို့တွင်းနေရာချို့တွင်ကပ်ထားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်ဟု မြို့ခံများက နိရဉ္စရာသို့ပြောသည်။ 

ကျောက်ဖြူမြို့ လူငယ်တစ်ဦးက" မနေ့က အဲဒီလိုစာတွေ ကပ်ခဲ့ကြတာပါ။ ဘယ်သူတွေ ကပ်တာလဲတော့ မသိဘူး။ စာထဲမှာတော့ ULA/ AA ကို အမုန်းတရားနဲ့ မြင်အောင် ဝါဒဖြန့်ပြီး ရေးထားတာတွေချည်းပဲ" ဟု ပြောသည်။

အဆိုပါစာများထဲတွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA က အေးချမ်းနေသည့် ရခိုင်ပြည်ကို စစ်ပွဲများဖြစ်အောင်လုပ်ဆောင်နေကြောင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းက ရခိုင်ပြည်သူလူထုက ULA/AA ကို လုံးဝ(လုံးဝ) အလိုမရှိကြောင်း ရေးသားထားသည်။

" ရခိုင်ပြည်နယ် တောင်ပိုင်းက ယခင်ကပင်ငြိမ်းချမ်းပြီးသား၊ မင်းတို့ ULA/AA တွေဒုက္ခပေးလို့ အခုလမ်းတွေပိတ်သွားပြီ။ ရခိုင်တောင်ပိုင်းက ငါတို့ဒေသခံပြည်သူတွေ ကားလမ်းပိတ်သွားလို့ စားဖို့မရှိ၊ သောက်ဖို့မရှိဖြစ်သွားလို့ မင်းတို့ကို ငါတို့အလိုမရှိ" ဟု အဆိုပါစာထဲတွင် ဝါဒဖြန့် ရေးသားထားသည်။


ရက္ခိုင့်တပ်တော်က ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေးအတွက် အသက်စွန့်တော်လှန်နေချိန်တွင် ယခုကဲ့သို့ ဝါဒဖြန့်စာများကပ်ခြင်းမှာ စစ်ကောင်စီ (သို့မဟုတ်) ရခိုင်အမျိုးသားလွတ်မြောက်ရေးကို မနာလိုသည့် အဖျက်အမှောင့် အုပ်စုများ၏လက်ချက်ဖြစ်နိုင်ကြောင်း မြို့ခံများနှင့်
​တက်ကြွလှုပ်ရှား သူလူငယ်များက သုံးသပ်ပြောဆိုကြသည်။

" အခု ULA/AA က ပြည်သူလူထုကို အကြမ်းဖက်ဖိနှိပ်လာခဲ့တဲ့စစ်ကောင်စီကို တိုက်ထုတ်နေတယ်။ အာဏာရှင် စနစ်အမြစ်ပြတ်ရေးတိုက်ပွဲဖြစ်သလို ရခိုင်တမျိုးသားလုံးလွတ်မြောက်ရေး တိုက်ပွဲလည်းဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ဝါဒဖြန့်တာက စစ်ကောင်စီလက်ဝေခံအုပ်စုတွေ၊ ရခိုင်ပြည်လွတ်လပ်ရေးကို မနာလိုတဲ့အုပ်စုတွေရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်" ဟု ကျောက်ဖြူမြို့ခံ  တက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးက ပြောသည်။

ရခိုင်ပြည်မှလမ်းများကို ပိတ်ဆို့၍ ရခိုင်ပြည်သူလူထုကိုစားနပ်ရိက္ခာ ပြတ်တောက်အောင် လုပ်ဆောင်နေသည်မှာ ရက္ခိုင့်တပ်တော်ကြောင့် မဟုတ်ဘဲ  စစ်ကောင်စီက ကျင့်သုံးနေသည့်  ပြည်သူများ အပေါ် ဗဟိုပြု ဖြတ်လေးဖြတ် ဗျူဟာကြောင့်ပင် ဖြစ်သည်ဟုလည်း ရခိုင်စစ်ရေးလေ့လာသူများနှင့် ပြည်သူများကပြောသည်။

" လမ်းတွေကို တိုက်ပွဲမဖြစ်ခင်ကပဲ စစ်ကောင်စီကပိတ်ဆို့လာခဲ့တာ။အခု ULA/ AA က စစ်ဆင်ရေးစမှ ပိတ်တာ မဟုတ်ဘူးဆိုတာ ပြည်သူတွေက သိပါတယ်။ စစ်ကောင်စီက လမ်းတွေကို ပိတ်ပြီး လူထုကို တမင်ဒုက္ခ ရောက်အောင်လုပ်နေတာ။ အခု စစ်ကောင်စီက တိုက်ပွဲမှာ ပြည်သူတွေကို လူသားဒိုင်းကာ၊ ဓားစာခံအဖြစ်လုပ်တယ်။ ဒါတွေကိုတောင် ပြည်သူလူထုကို  အေအေက ပြန်ကယ်ထုတ်ပေးနေတာလေ။ ဘယ်သူက ရန်သူ၊ ဘယ်သူက မိတ်ဆွေဆိုတာ ရခိုင်တစ်မျိုးသားလုံး သိပါတယ်" ဟု ပေါက်တော​မြို့နယ်မှ လူငယ်တစ်ဦးကပြောသည်။

ပေါက်တောမြို့တွင် နိုဝင်ဘာ ၁၆ ရက်က ရက္ခိုင့်တပ်တော်နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ ပေါက်တောမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မီးလောင်အောင်လုပ်ဆောင်ခြင်း၊ ပုဏ္ဏားကျွန်းမြို့မဈေးကြီးကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မီးရှို့ ဖျက်ဆီးခြင်း စသည့် လူထုဆန့်ကျင်ရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်နေသဖြင့် စစ်ကောင်စီတပ်အ​ပေါ် ရခိုင်ပြည်သူများက အထူးနာကျည်း မုန်းတီးလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။

ဆက်စပ် သတင်းများ