တနင်္လာ၊ ဇူလိုင်လ ၈ရက်၊ ၂၀၂၄

စစ်တွေ တောကန်ရွာတွင် စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးချ၍ မိသားစုတစ်စုမှ လူ၇ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master (NN 08)
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 4.5k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ တောကန်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာ မရှိဘဲ ယနေ့ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်က  ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၍  ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုအဖွဲ့ဝင်  ၇ ဦး ဒဏ်ရာရရှိသွားသည်။

စစ်ကောင်စီဒရုန်းဖြင့် ဗုံးသီးပစ်ချခဲ့သည့်နေရာသည် စစ်တွေမြို့နှင့် မနီးမဝေးတွင် တည်ရှိသည့် တောကန်ကျေးရွာ၏ အလယ်တန်းစာကျောင်း အနီးက လူနေအိမ်ရှေ့တွင်ဖြစ်ပြီး ကျရောက် ပေါက်ကွဲသည့် အပိုင်းအစများ အိမ်ထဲသို့စဉ်လာကာ အိမ်ရှိမိသားစုဝင် ၇ ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒဏ်ရာရရှိသွားသည့် ဒေသခံ ၇ ဦးအနက် ၄ ဦးမှာ ဒေါ်ခင်နု (၃၅)နှစ်၊ မဖြိုး (၂၈) နှစ်၊ ကိုဖြိုးဝင်းမောင် (၁၅) နှစ်နှင့် မောင်ထက်သူရ (၁၀) နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ လေးဦးမှာ ဒဏ်ရာများသဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း တောကန်ရွာဒေသခံတစ်ဦးက ပြောသည်။

"ဒရုန်းနဲ့ အပေါ်က လာချတာ။ အိမ်ဝမှာကျတယ်။ အိမ်ထဲမှာ ထမင်းစားနေကြတာကို လက်နက်အပိုင်းအစတွေက လာစဉ်တယ်။ စစ်တပ်ဘက်က ဒရုန်းပါ။ မိသားစုတွေ ဒဏ်ရာရသွားကြတာပါ။ လက်တွေ၊ ပေါင်တွေမှာ ဒဏ်ရာရသွားပါတယ်" ဟုပြောသည်။

အဆိုပါ စစ်ကောင်စီဒရုန်းသည် ယင်းအိမ်ရှေ့အဝတွင် ဗုံးကို ပစ်ချပြီးနောက် ချက်ချင်း ပြန်ထွက်သွားသည်ဟုလည်း မျက်မြင်ဒေသခံတစ်ချို့က ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသူများအနက် ဒဏ်ရာများသည့် ဒေသခံလေးဦးကို ယနေ့ညနေ ၇ နာရီကျော်ခန့်တွင် အရေးပေါ်လူနာတင်ကားဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရသည်။ 

နောက်ထပ်ဒဏ်ရာအနည်းအကျဉ်းရရှိသူများကို ယင်းအိမ်၌ပင် ဆေးထည့်ထားပြီး အခြေအနေမစိုးရိမ်ရကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့နိုဝင်ဘာလ ၂၆ ရက်ကလည်း စစ်ကောင်စီဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်။

တောကန်ကျေးရွာသည် စစ်တွေမှ မိုင်အနည်းငယ်သာကွာဝေးပြီး  ဝါဘိုကျေးရွာသို့ သွားရာလမ်းတွင် တည်ရှိကာ တစ်ရွာနှင့် တစ်ရွာ ချောင်းတစ်ဘက်တစ်ကမ်းဖြစ်ကြောင်း သိရသည်။   (NN-8)

ဓာတ်ပုံ- ပေးပို့

ဆက်စပ် သတင်းများ