ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

မောင်ရွှေလေးရေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦးအပါအဝင် တပ်သားတချို့သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၂၆ / ၂၀၂၄

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး အပါအဝင် ရေတပ်သား အနည်းဆုံး ၃ ဦး သေဆုံးသွားကြောင်း ရေတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသူများအထဲတွင် ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနှင့် တပ်ကြပ်ကြီးရဲဝင်းတို့ ပါဝင်သည်ဟု သိရသည်။

ရေတပ်နှင့်နီးစပ်သူ ဒေသခံတစ်ဦးက “ ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းနဲ့ တပ်ကြပ်ကြီးရဲဝင်း ရှော့တိုက်ဒုံး ထိတာပါ။ သူတို့ ၂ ယောက်အလောင်းကိုတော့ မနေ့က ညနေပိုင်း နေဗီနဲ့ ရန်ကုန်ကို သယ်သွားပါတယ်။  နောက်သေတဲ့ ၃ ယောက်ကိုတော့ ကွင်းဝိုင်းမှာ မြုပ်မယ်” ဟု ပြောသည်။

ဗိုလ်မှူးဖြိုးမောင်မောင်ဝင်းမှာ အသစ်ရောက်လာသောသူဖြစ်ပြီး ရေတပ်တပ်မှူးတာဝန်ယူထားသူ ဖြစ်ပြီး  တပ်ကြပ်ကြီးရဲဝင်းက ရိက္ခာကိုင်ထားသူဟု သိရသည်။

“ ကွင်းဝိုင်း တပ်ထဲကို အေအေဝင် မတိုက်မဟုတ်သေးဘူး။  တပ်ကို ဝိုင်းထားတဲ့အခြေအနေတော့ ရှိပါတယ်။ အဲဒီလို အနေအထားမှာ ရှော့တိုက်ဒုံးနဲ့ အတိုက်ခံရတာ” ဟု ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင် မောင်ရွှေလေးရေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်သောကြောင့် ရေတပ်အခြားအဆင့်တစ်ဦးနှင့် တပ်သာတစ်ဦးသေဆုံးခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်အတွင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီး ရေတပ်သား ၂ဦးသေဆုံးခဲ့ဖူးသည်။

မောင်ရွှေလေး ရေတပ်စခန်းကို AA  ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုများရှိနေသည့်အပြင် ကျောက္ကလပ် ကျေးရွာနှင့် မောင်ရွှေလေးကျေးရွာအစပ်တို့၌ သြဂုတ် ၂၂ရက်၊၂၃ ရက်တို့တွင် ပစ်ခတ်မှုများရှိနေပြီး အဆိုပါ နေရာတို့သည် မောင်ရွှေလေးရေတပ်နှင့်မိုင်ဝက်သာ ကွာဝေးတော့ကြောင်း ဒေသခံတို့မှ ပြောသည်။

မောင်ရွှေလေးရေတပ် နှင့် သပြုချိုင် ဆိပ်ကမ်းကြားရှိ ရွာသာယာကျေးရွာအထိ အာရက္ခတပ်တော်မှာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး အဆိုပါနေရာသည်လည်း မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာကွာဝေးတော့ကြောင်း သိရသည်။

“ ကွင်းဝိုင်းရေတပ်ကို ရှော့တိုက်ဒုံးကျတာ ၃ ကြိမ်ရှိပြီ သုံးကြိမ်စလုံးလူသေတာ ဒီတခါ အများဆုံးနဲ့ အရာရှိအကြီးဆုံးအထိ ပါသွားတာ ” ဟု နောက်ထပ်ဒေသခံ တစ်ဦးမှ ပြောသည်။

ထို့အပြင် အနောက် ရွှေတိဂုံဟု ခေါ်ဆိုသော သဒ္ဒါကျောက်ဘုရားသည် မောင်ရွှေလေးရေတပ်နှင့် မိုင်ဝက်သာ ကွာဝေးကာ သြဂုတ် ၁၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ၂ဖက်စစ်ရေးတင်းမာ နေကြောင်း သိရသည်။

လက်ရှိတွင် AA က ဂျိတ္တောအပါအဝင် ငပလီမြို့နှင့် သံတွဲမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဟု သိရသည်။ (ဓာတ်ပုံ- ပုံဟောင်းသာ)

 

ဆက်စပ် သတင်းများ