အင်္ဂါ၊ စက်တင်ဘာလ ၁၇ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် ငွေစက္ကူရှားပါးမှုနှင့် ကြုံတွေ့နေရ၍ ဟောင်းနွမ်းငွေစက္ကူများကိုပါ အသုံးပြုကြရန် ULA ညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 3.6k

စောရှင်မေ၊ နိရဉ္စရာ၊ ဇူလိုင် ၈/ ၂၀၂၄

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်အတွင်းက လွတ်မြောက်နယ်မြေများတွင် ငွေစက္ကူရှားပါးမှုနှင့် ကြုံတွေ့နေရ၍  ဟောင်းနွမ်းငွေစက္ကူများကိုပါ ရွေးချယ်ခြင်း မရှိဘဲ အသုံးပြုနိုင်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အစိုးရက ဒေသခံ ပြည်သူများသို့  ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု ဒေသခံများက ပြောသည်။

အနည်းငယ် ဟောင်းနွမ်းခြင်း၊ စုတ်ပြဲခြင်းရှိသည့် ငွေစက္ကူများကို ရွေးချယ်မှုမရှိဘဲ ပုံမှန်အသုံးပြုနိုင်ရန် အာရက္ခပြည်သူ့အစိုးရက ကြေညာထားသည့်အတွက် ရောင်းသူဝယ်သူများအကြား အဆင်ပြေနေကြောင်း မြေပုံမြို့မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

"ငွေစက္ကူတွေကို ရွေးတဲ့သူ၊ ပြန်လှဲတဲ့သူရှိရင် ဓာတ်ပုံရိုက်ထားပါလို့လည်း အာရက္ခပြသူအစိုးရက ကြေညာထားတယ်။ အဲ့တော့ ဘယ်သူမှမရွေးကြတော့ဘူးလေ။ လုံးဝနံပါတ်မပါဘဲ ပျက်စီးစုတ်ပြဲနေမှ ရွေးရမယ်ပေါ့" ဟုပြောသည်။

အလားတူ မြောက်ဦးမြို့တွင်လည်း ငွေစက္ကူများကို ဝယ်ယူသုံးစွဲရာ၌ မည်သူမဆို ရွေးချယ်မှုရှိခဲ့ပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားရန် ညွှန်ကြားထားသည်ဟုလည်း မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အရင်တုန်းက ငွေစက္ကူတွေရွေးကြတော့ တော်တော်အဆင်မပြေဘူးဖြစ်ခဲ့တယ်။ ဈေးကိုသွားပြီး ဟင်းဝယ်တော့ ပိုက်ဆံက နည်းနည်းနွမ်းရင်တောင် ရွေးတယ်။ မယူကြဘူး။ တစ်ခါတစ်လေ ဘာမှမဝယ်ရဘဲပြန်လာရတယ်။ အခုက ပိုက်ဆံတွေရွေးရင် တိုင်ကြားလို့ရတယ်ဆိုပြီး ညွှန်ကြားထားတော့ သုံးရတာအဆင်ပြေလာတာပေါ့" ဟုပြောသည်။

ယခုလို တော်လှန်ရေးကာလတွင် ရခိုင်ပြည်ရှိ လွတ်မြောက်နယ်မြေများတွင် ဘဏ်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်သည့်အတွက် ငွေစက္ကူများမှာ တဖြည်းဖြည်း ရှားပါးလာသည်။

“ လက်ရှိ ငွေစက္ကူရှားပါးမှုကလည်း ပြဿနာတစ်ခုပါဘဲ။ လောလောဆယ် ငွေစက္ကူအဟောင်းတွေကို သုံးလို့အဆင်ပြေနေတယ်ဆိုပေမယ့် ရေရှည်မှာ ဘယ်လို ဖြစ်လာမလဲဆိုတာမခန့်မှန်းတတ်ဘူး။ ဘဏ်တွေလည်း မရှိသလို ဝန်ထမ်းတွေကအစ လစာမရကြဘူး။ ငွေကြေးစီးဆင်းမှုကလည်း အရင်လို မလည်ပတ်တော့ ငွေစက္ကူ အရေအတွက်က တဖြည်းဖြည်းရှားပါးလာတယ်။ ဒါကိုလည်း အေအေတာဝန်ရှိသူတွေအနေနဲ့ ဦးစားပေး ဖြေရှင်းဖို့ လိုနေတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လွတ်မြောက်နယ်မြေများတွင် ဘဏ်လုပ်ငန်း လည်ပတ်မှုမရှိသဖြင့် ငွေစက္ကူသစ်နည်းပါးသွားပြီး ငွေစက္ကူဟောင်းကိုသာ တွင်ကျယ်စွာ အသုံးပြုနေရသည်ဟု သိရသည်။

ယင်းသို့သုံးစွဲရာတွင် ဟောင်းနွမ်းစုတ်ပြဲနေသည့်ငွေစက္ကူများကို ရောင်းသူဝယ်သူကြားတွင် အသုံးမပြုတော့သည်များလည်းရှိခဲ့ပြီး ယင်းကာလများတွင် စုတ်ပြဲခြင်းမရှိသည့် ငွေစက္ကူတစ်ရွက် ရရှိရန် ၂ ချိုး ၁ ချိုးနှုန်းဖြင့် လှဲလည်၍ အသုံးပြုခဲ့ရသည်ဟုလည်း မြောက်ဦးမြို့ခံများက ပြောသည်။

ထို့အတူ ကျောက်တော်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် သာမန်အစုတ်အပြဲငွေစက္ကူများကိုလည်း သုံးစွဲနိုင်ရန် အာရက္ခပြည်သူအစိုးရက ညွှန်ကြားထားသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ညွှန်ကြားထားမှုကို လိုက်နာမှုမရှိပါက အာရက္ခပြည်သူ့အစိုးရအား တိုင်ကြားနိုင်သည်ဟုလည်း ကြေညာထားသည်။

 

ဆက်စပ် သတင်းများ