- Web Master
- ၀၈ ဧပြီ ၂၀၂၄
အောက်တိုဘာလ(၇)ရက်၊ ဟားမတ်စ် စစ်သွေးကြွများ၏ အစ္စရေးအား ဝင်ရောက်တိုက်ခိုက်မှုတွင် ဟားမတ်စ်တို့ဘက်မှ ပါဝင်ခဲ့သည်ဟုဆိုကာ ဂါဇာတွင် ကုလသမဂ္ဂကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် (UNRWA) အဖွဲ့ကို အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံကိုးနိုင်ငံက အထောက်အပံ့များ ရပ်ဆိုင်းလိုက်သည်ဟု သိရှိရသည်။
ကုလကသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ (UNRWA)သို့ အထောက်ပံ့ပေးမှု ရပ်ဆိုင်းလိုက်သည့် ကိုးနိုင်ငံတွင် ဩစတြေးလျ၊ ကနေဒါ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊နယ်သာလန်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်ကြသည်။
ကုလသမဂ္ဂ
ကယ်ဆယ်ရေး နှင့် အလုပ်အေဂျင်စီ( United Nations Relief and Works Agency) ကို
၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂါဇာတွင် အကူအညီပေးနေသော အကြီးဆုံး ကုလအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
အဆိုပါအဖွဲ့သည် ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဂျော်ဒန်၊ လက်ဘနွန် နှင့် ဆီးရီးယားတို့ရှိ ပါလက်စတိုင်းများကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး နှင့် အခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသောအဖွဲ့ ဖြစ်ပြီး ဂါဇာဒေသတစ်ခုတည်းတွင် ဝန်ထမ်းအင်အား ၁၃၀၀၀ ရှိသည်ဟု သိရသည်။
ဟားမတ်စ်တို့၏ တိုက်ခိုက်မှုကို အစ္စရေးက စစ်ရေးအရ ထိုးစစ်ဆင် တုံ့ပြန်ချိန်မှစ၍ UNRWA အဖွဲ့သည် ဂါဇာရှိ ထောင်ပေါင်းများစွာသော နေရပ်စွန့်ခွါ အရပ်သားများကို ၎င်းတို့၏ စခန်းများတွင် ခိုလှုံခွင့် ပေးထားခဲ့သည်။
အစ္စရေးအား တိုက်ခိုက်မှုတွင် ဟားမတ်စ်အဖွဲ့နှင့်အတူ UNRWA မှ ကုလဝန်ထမ်းအချို့ပါဝင်သည်ဟု အစ္စရေးက စွပ်စွဲက စွပ်စွဲ့ခဲ့သည်။
ကုလသမဂ္ဂကယ်ဆယ်ရေးအေဂျင်စီသို့ ဗြိတိန်အပါအဝင် ကိုးနိုင်ငံက အထောက်အပံ့ပေးမှု ရပ်ဆိုင်းလိုက်သည့်အတွက် အလွန်တုန်လှုပ်မိကြောင်း၊ UNRWA သည် ဂါဇာတွင် လူသားချင်း စာနာမှုအကူအညီအများဆုံးပေးနေသော အဖွဲ့အစည်းဖြစ်ကြောင်း၊ အသက်ရှင်သန်ရေး အခက်အခဲနှင့် ရင်ဆိုင်နေရသော ဂါဇာပြည်သူ နှစ်သန်းကျော်သည် မိမိတို့အပေါ် မီခိုနေရကြောင်း UNRWA အကြီးအကဲ ဖိလစ် လက်ဇာရီနီက ပြောကြားလိုက်သည်။
" ဝန်းထမ်းတွေထဲက လူအနည်းငယ် ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ခုလို အထောက်ပံ့ရပ်ဆိုင်းလိုက်တဲ့အပေါ် အလွန်တုန်လှုပ်မိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို အလုပ်ဖြုတ်ပစ်ပြီး စုံစမ်းစစ်ဆေးမှုတွေလည်း လုပ်နေပါတယ်။ UNRWA ဟာ နှစ်စဉ်နှစ်တိုင်း အစ္စရေးအပါအဝင် ကယ်ဆယ်ရေးပြုလုပ်မယ့်နိုင်ငံတွေကို မိမိတို့ရဲ့ ဝန်ထမ်းစာရင်းကို ကြိုပြီးပေးပို့ခဲ့ပါတယ်။ " ဟု ဖိလစ် လက်ဇာရီနီက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် တိုက်ခိုက်မှုတွင် ဟားမတ်စ်တို့နှင့်အတူ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီ UNRWA အဖွဲ့မှ ဝန်ထမ်းအချို့ ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ အကြံပေးတစ်ဦးက ဘီဘီစီသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ စွပ်စွဲမှုသတင်းများ ထွက်ပေါ်လာပြီးနောက် ကုလသမဂ္ဂ ကယ်ဆယ်ရေး UNRWA အဖွဲ့သို့ အဓိက ငွေကြေးထောက်ပံ့ လှူဒါန်းနေသည့် အမေရိကန်၊ ဂျာမနီ နှင့် အီးယူနိုင်ငံများ အလွန်တုန်လှုပ်သွားပြီး အကူအညီပေးမှု ရပ်ဆိုင်းမည်ဟု ပြောဆိုခဲ့ကြသည်။
NN-27, Ref:BBCWorld