ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြဆရာမတစ်ဦး စာပြသွားစဉ် အသတ်ခံရ


  • ရေးသူ: Web Master (NN 11)
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 12.2k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် အလယ်တန်းပြကျောင်းဆရာမတစ်ဦးသည် ယနေ့နံနက်က စာပြသွားစဉ် အသတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။

သေဆုံးသူမှာ ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင် အလယ်တန်းကျောင်းတွင်တာဝန်ကျနေသည့် အသက် ၂၇ နှစ်အရွယ် အလယ်တန်းပြကျောင်းဆရာမ ဒေါ်နှင်းယုမေဖြစ်သည်ဟု သိရသည်။

ဆရာမ ဒေါ်နှင်းယုမေသည် သူနေထိုင်ရာ ရသေ့တောင်မြို့နယ်၊ မယူကမ်း ကျွန်းပေါ်ပေါက်တော ကျေးရွာမှ ပန်းဖော်ပြင် အလယ်တန်းကျောင်းသို့ ယနေ့ စက်တင်ဘာလ ၁၆ ရက်၊ နံနက်က စာပြရန်သွားစဉ် လမ်းတွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

လည်ပင်းကို လှီးဖြတ်ခံထားရသည့်ဒဏ်ရာဖြင့်သေဆုံးနေသည့်ဆရာမ၏အလောင်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပန်းဖော်ပြင်ကျေးရွာနှင့် ကျွန်းပေါ်ပေါက်တောလမ်းမကြီးပေါ်၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် ပန်းဖော်ပြင်ရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"အဝတ်တွေ လန်ပြီးသေနေတယ်။ လည်ပင်းလှီးထားတယ်။ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံလိုက်ရတာဖြစ်နိုင်တယ်လို့တော့ ခန့်မှန်းပြောနေကြပါတယ် " ဟု ပြောသည်။

သို့သော် နိရဉ္စရာသတင်းဌာနအနေဖြင့် အသတ်ခံရသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း တာဝန်ရှိသူများ၏ သီးခြား အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

လက်ရှိတွင် ဆရာမ၏ရုပ်အလောင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်စစ်ဆေးနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ