သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကုလားတန်ဘက်စုံစီမံကိန်းပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဟု အိန္ဒိယကောင်စစ်ဝန်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 8.8k

နိရဉ္စရာ၊ ဩဂုတ် ၂၈/၂၀၂၂

ရခိုင်ပြည် စစ်တွေမြို့တွင် အိန္ဒိယနိုင်ငံမှ အကောင်အထည်ဖော်နေသည့် ကုလားတန်ဘက်စုံစီမံကိန်း (Kaladan Multi  Transit Transport) မှာ ပြီးစီးနေပြီဖြစ်၍ မကြာမီလည်ပတ်တော့မည်ဖြစ်ကြောင်း အိန္ဒိယကောင်စစ် ဝန်က ရခိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားလိုက်သည်။

သြဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းက ရခိုင်လုပ်ငန်းများကို ဖိတ်ခေါ်ပြီး စစ်တွေမြို့ရှိ Royal Sittwe Resort တွင် ပြုလုပ်သည့် ညစာစားပွဲတွင် အိန္ဒိကောင်စစ်ဝန်ချုပ် Mr.Bibekananda Bhattamishra က ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ညစာစားပွဲကို ရခိုင်ပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း ဥက္ကဌ ဦးတင်အောင်ဦး၊ ရခိုင်ကမ်းရိုးတန်းသွား ရေယာဉ်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးရွှေမောင်၊ ရခိုင် ပြည် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးသန်းရွှေအပါအဝင် ဖိတ်ကြားထားသူ ၂၀ ဦးခန့် တက် ရောက်ခဲ့ပြီး အိန္ဒိယကောင်စစ်ဝန်ချုပ်နှင့် စီးပွားရေးကောင်စစ်ဝန် Mr.Tsewang Gyaltson၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးဆိပ်ကမ်း KMTT port Operator (Atoz EXIM Company) ဦးဆောင် တာဝန်ခံ Mr.Vikash Kumar Rai အပါအဝင် ဆိပ်ကမ်းတာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်။

အိန္ဒိယမြန်မာချစ်ကြည်ရေး အစီအစဉ်အရ ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့် KMTT Kaladan Multi-Transit Transport စီမံကိန်း၏ စစ်တွေဆိပ်ကမ်းသစ် များမကြာမီ စတင်လည်ပတ်တော့ မည်ဖြစ် ပြီး တန်ချိန် ၅၀၀၀-၆၀၀၀ သင်္ဘောများ ဆိပ်ကပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဆိပ်ကမ်းစတင် လည်ပတ်နိုင် ရေး လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများကို လက်ခံကြိုဆိုကြောင်း အိန္ဒိယကောင်စစ်ဝန်နှင့် ဆိပ်ကမ်း တာဝန်ရှိသူများမှ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေး၊  ကုန်သွယ်မှုလုပ်ငန်းစဉ်များ လွယ်ကူစွာဖြင့် စနစ်တကျဖွံ့ဖြိုးပါဝင်လာစေရေးနှင့် သတင်းအချက်အလက်များ ကျယ်ပြန့်စွာ မျှဝေသိရှိရေးအတွက် ရခိုင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် လက်တွဲဆောင်ရွက်မည်ဟုလည်း ပြောဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းကလည်း မည်သူမဆို သိရှိလိုသည်များကို အလွယ်တကူ စုံစမ်းနိုင်ရန် Information Center တခုထားရှိရေး၊ ဆိပ်ကမ်းဝန်ဆောင်မှု သတ်မှတ် ချက် နှုန်းထားများကို ထုတ်ပြန်နိုင်ရေး၊  ရခိုင်ကမ်းရိုးတန်း ပြည်တွင်းသင်္ဘောများ လွယ်ကူစွာဆိုက် ကပ်အသုံးပြုနိုင်ရေး၊ ဒေသအလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်မှု မရှိရေး အပါအဝင် ကာလကတ္တားနှင့်စစ်တွေ ကမ်းရိုးတန်းသွား ကုန်သွယ်မှုစတင်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကုလားတန်မြစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် အိန္ဒိယမှ ၂၀၀၂ ခုနှစ်က စတင်ခဲ့သော်လည်း ၂၀၀၈ ခုနှစ်ဧပြီလမှ အိန္ဒိယနဲ့မြန်မာအစိုးရတို့ လက်မှတ်ထိုးနိုင်ခဲ့သည်။

ကုလားတန်မြစ် ဘက်စုံစီမံကိန်းအတွက် အိန္ဒိယမှ အမေရိကန် ဒေါ်လာသန်း (၅၀၀) ခန့်ရင်းနှီးမြုပ်နှံ ထားပြီး  စစ်တွေမှ ပလက်ဝအထိ ရေကြောင်းပို့ဆောင်နိုင်ရေး ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇူရမ်ပြည် နယ်ကို ကုန်းလမ်းဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်ရန် ကားလမ်းများဖောက်လုပ်ရေးနှင့် ပလက်၀ ဆိပ်ကမ်းတည်ဆောက်ရေးတို့ ပါဝင်ကြောင်း သိရှိရသည်။

----

ဆက်စပ် သတင်းများ