သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သွားလာခွင့်ကို ပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာပြတ်လပ်ပြီး နေမကောင်းရင် သောက်ဆေးတစ်ပြားတောင် ရှာမရတော့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 3.7k

(ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူး)

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖုန်သာချောင်းတစ်လျှောက်ရှိ ကျေးရွာတွေကို စစ်တပ်ကနေ သွားလာခွင့် ပိတ်ပင်ထားတဲ့ အတွက် ဒေသခံတွေ အနေနဲ့ ရိက္ခာတွေပြတ်လပ်နေသလို ဆေးဝါးတွေလည်း ပြတ်လပ်ပြီး သောက်ဆေးတောင်ရှာမရနေဘဲ ဖြစ်နေတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။ ဖုန်သာချောင်း၊ ကျောက်မော်ကျေးရွာက ဒေါ်စောချေကို ဆက်သွယ် မေးမြန်းပြီး အဲဒီဒေသမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မေးမြန်း တင်ပြ ပေးလိုက်ပါတယ်။

မေး-  အခုရွာတွေကို သွားလာခွင့် ပိတ်ထားတယ်လို့ ကြားရပါတယ်။ အခက်အခဲတွေအများကြီး ဖြစ်နေတယ်လို့ ကြားရပါတယ်။ အဲဒီက နောက်ဆုံး အခြေအနေကို သိချင်ပါတယ်။
ဖြေ-  ဟုတ်ကဲ့။ ကျမတို့ ရွာတွေက လမ်းသွားလမ်းလာတွေ ပိတ်ထားတာရယ်။ မြို့ကိုလည်း မသွားရဘူး။ အဲဒါကြောင့် စားနဲ့ရိက္ခာတွေကလည်း ကျပ်တည်းနေတယ်။ ဘာဆိုဘာမှ မရှိတော့တော့ဘူးလေ၊ ဒီနေရာမှာက။

မေး- ရိက္ခာတွေပြတ်တယ်ဆိုတော့ ဘယ်လိုရိက္ခာမျိုးတွေပါလဲ ခင်ဗျား။
ဖြေ- ဆန်တွေ၊ ဆီ၊ ဆားတွေ၊ ဟင်းချိုမှုန့်တွေ အကုန်ပြတ်နေပါတယ်။ နောက်ပြီးတော့ ကျန်းမာရေး အတွက်ဆိုလည်း သောက်ဆေးတောင် မရှိတဲ့အနေအထားကိုရောက်နေပါတယ်။

မေး-  အဲဒီဘက်က ရွာတွေမှာ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိပါလဲ။
ဖြေ- ရွာမှာ ကျန်းမာရေး အခြေအနေက နေထိုင်မကောင်းတဲ့လူတွေက အများကြီးဘဲ။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီဥတုကလည်း အပြောင်းအလဲတွေနဲ့ တစ်အိမ်တစ်ယောက်ကျ နေမကောင်းတဲ့ လူတွေအများကြီး။ အဲဒါအခုဒီမှာ သောက်ဆေးတောင် မသောက်ရတဲ့ အနေအထားသို့ရောက်နေပါတယ်။

မေး-  ဒီလို ရိက္ခာတွေ၊ ဆေးဝါးတွေရော ပြတ်နေရတာက မင်းပြားမြို့ကို သွားလာခွင့်မရတဲ့ အတွက်ဖြစ်တာလား။
ဖြေ- ဟုတ်ကဲ့ပါ။ မင်းပြားနဲ့ တစ်ခြား ဘယ်နေရာကိုမှ မသွားရတာကို သူတို့က  ၄ ရက်နေ့က စပိတ်တာ အခုဆို သြဂုတ် ၁၂ ရက်အထိ ရှိသွားပြီ။ အဝင်အထွက်မလုပ်ရဘူး။ အဲဒါကြောင့် ဘာဆိုဘာမှ ရိက္ခာက မရှိတော့ပါဘူး။

မေး- ရွာကနေပြီးတော့ ရွာရဲ့အပြင်ကို မထွက်ရတာပါလား။ မင်းပြားကို မသွားရတာပါလား။
ဖြေ- ဟုတ်ကဲ့ပါ။ မင်းပြားကို သွားလို့မရဘူး။ သွားတဲ့သူကလည်း တကယ်လို့ ဟို အစောကြီး အိမ်ကထွက်ပြီးတော့ ရှိတဲ့လူကလည်း ရွာကိုပြန်ပြီးတော့ မဝင်ရတော့ပါဘူး။

မေး- အဲ့ဒါဘာကြောင့် လုပ်တယ်လို့ကြားရပါလဲ။
ဖြေ- အဲ့ဒါတော့ ကျမတို့လည်း မသိပါဘူး။ အဲဒီကဆရာတွေ ပြောတာက စစ်တပ်က ဟန့်တားလို့ မသွားရတာပါ။

မေး- အဲသလိုဖြစ်နေတာက အမတို့ ရွာတစ်ရွာတည်းလား တခြားရွာတွေလည်းပါ ပါလား။
ဖြေ- တခြားရွာတွေလည်းပါ ပါတယ်။

မေး-  ဒီလိုပိတ်ထားတာက ရက်အာဖြင့် ၈ရက် ၉ ရက်ရှိပြီဆိုတော့ တကယ်လို့ ရှေ့မှာလည်း ဆက်ပိတ်ထားမယ်ဆိုရင် ရွာတွေမှာ ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်ပါသလဲ။

ဖြေ- ရိက္ခာတွေက ဘာမှ မရှိတော့ အထူး လူတွေ အငတ်ဘေးမှာရောက်မှာကို အထူး စိုးရိမ်ရတယ်။ လက်လုပ်လက်စားတွေက အခုကတည်းက အကျပ်အတည်းတွေရှိနေပြီ။ ကျန်းမာရေး အတွက်လည်းစိုးရိမ်ရသလို ပညာရေးဆိုလည်း  ဆရာ/ဆရာမတွေက မရှိတော့ဘူး ။ ကျောင်းမှာ စာပြမဲ့သူလည်း မရှိတော့ဘူး။ ကလေးတွေက တော်တော်ဒုက္ခရောက်နေကြပါတယ်။

မေး- အဲသလို၊ မသွားရ မလာရဆိုတော့ ဆင်းရဲသူ ဆင်းရဲသားတွေ၊လက်လုပ်လုပ်စားတွေရဲ့ အခြေအနေက ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ- လက်လုပ် လက်စားတွေက မျှစ်ခူးတယ်။ တောင်ယာလုပ်ကြတယ်။ တောင်ယာကိုလည်း သူတို့ မသွားရဲတော့ဘူး။ မျှစ်တွေ ဘာတွေခူးလို့ ရတဲ့ဟာတွေကိုတောင် မြို့ကိုသွားမရောင်းရဘူး ဆိုလို့ရှိရင် အဲဒီမှာဘာမှ ဝင်ငွေ ရစရာ မရှိတော့ ဘူး။ သူတို့အတွက် တော်တော်လည်းကို ခက်ခဲနေပါတယ်။

မေး- အဲသလို ဖြစ်နေတာက ဘယ်ရွာတွေပါလဲ။
ဖြေ- မင်းပြားမြို့နယ်မှာ ဆိုလို့ရှိရင်တော့ ရွာပေါင်း ၃ဝ လောက်ရှိမှာပါ။ လူဦးရေအားဖြင့်ဆိုရင် ၃ဝဝဝ ကျော်လောက် ရှိမှာ ဖြစ်ပါတယ်။ သွားလာလို့ မရဖြစ်နေတဲ့ ရွာတွေက  မြင်းတင်မ၊ လက်ခုပ်၊ စိတ္တရ၊ သလူချောင်း၊ တောင်ပေါက်ကေ၊ ခွဆုံ၊ ကျောက်မှော်၊ ပုလဲတောင်၊ ငဒက်၊ စေတီရံ ၊ ပျဉ်းမ၊ တောင်ငူ၊ အဲ့ဒီ အထက်ကို ရွာတွေအများကြီးရှိပါသေးတယ်။ အထက်မှာ ဆိုလို့ရှိရင် ရွာပေါင်းက သုံးဆယ်လောက်ရှိမှာပါ။ အဲ့ဒီမှာဆိုလို့ရှိရင် ချင်းလူမျိုးတွေနေပါတယ်။
 
မေး- အဓိက အခက်အခဲဖြစ်နေတဲ့ ချောင်းကဘယ်ချောင်းလဲ။ ဖုန်သာချောင်းလား။ သလူချောင်းလား။ ပန်းမြောင်းကြီး ချောင်းလား။
 ဖြေ- ဖုန်သာချောင်းလို့ခေါ်ပါတယ်။ ဟုတ်ကဲ့ ဖုန်သာချောင်းတစ်လျှောက်မှာဖြစ်နေကြတာပါ။
 
မေး- စစ်တပ်က ဘယ်ရွာကနေ တားထားတာလဲ။
 ဖြေ- ဟုတ်ကဲ့။ သူတို့ လက်ခုပ်ရွာက နေပြီးတော့ အထက်ကို မတက်ရ၊ အောက်ဆိုမဆင်းရ ဆိုပြီး တားထားတာ။ လက်ခုပ်ရဲ့အထက်ဆိုရင် တစ်ရွာမှ သွားခွင့်လာခွင့်မရှိတော့ပါဘူး။ ဖုန်သာချောင်းကတစ်လျှောက်ရှိ ကျေးရွာတွေက ရေလမ်းကို အားကိုးသွားလာနေကြတယ်။ သူတို့က လက်ခုပ်ကနေ အထိုင်ချပြီး အထက်အောက် အဆင်းအတက် မလုပ်ရအောင်တားထားပါတယ်။

မေး- အထက်တာဝန်ရှိသူတွေက ဘာပြောချင်ပါသလဲ။
ဖြေ- ဒီလမ်းကို ဖွင့်ပေးစေချင်ပါတယ်။ အခုက သွားလာလို့ မရဖြစ်နေတော့ မင်းပြားမြို့ကို သွားလို့မရတော့ဘူး။ သွားလာလို့ မရတော့ လိုအပ်တဲ့ ရိက္ခာ ဆန်ဆီဆားတွေ ပြတ်လပ်နေပါပြီ။ ဒါကို သက်ဆိုင်ရာ လူကြီးတွေက အမြန်ဖွင့်ပေးဖို့ ပြောချင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ