သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အိုးထိန်းဆရာတော်၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့ အဖမ်းခံရပြီးနောက် အဆက်အသွယ်မရဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၃/၂ဝ၁၉

စက်တင်ဘာ ၂ဝ ရက်နေ့က စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အိုးထိန်း ကျေးရွာမှ ကျောင်းထိုင် ဆရာတော်၊ အိုးထိန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အရပ်သားတစ်ဦးတို့သည် ယနေ့ အချိန်ထိ ကျေးရွာသူ ကျေးရွာသားများနှင့် အဆက်အသွယ်မရရှိဘဲ ဖြစ်နေကြောင်း ကျေးရွာသားများက ပြောကြားသည်။

ဆရာတော်တို့သည် စက်တင်ဘာ ၂ဝ ရက်နေ့ နေ့လယ် ၃ နာရီခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေစောထွန်း၊ ကိုမြတ်မောင်တို့နှင့် အတူ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာသို့ သွားရောက်စဉ် လင်းမြွေတောင်အနီးတွင်  မြန်မာ့ တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ကားနဲ့သွားကြတာပါ။ ကိုမြတ်မောင်က ဆရာတော်ကားကို မောင်းပေးပြီး ပါသွားတာပါ။ ဆရာတော် အဖမ်းခံရတဲ့နေ့က အဖိတ်နေ့ဆိုတော့ နောက်တစ်နေ့ ဥပုသ်နေ့မှာ ဆွမ်းကျွေးအစီအစဉ်ရှိလို့ ကျောက်ကျပ်ရွာကို သွားတယ်လို့ သိရပါတယ်။ အခုအချိန်ထိ ကျွန်တော်တို့ရွာသားတွေနဲ့ရော၊ မိသားစုတွေနဲ့ပါ အဆက်အသွယ် ပြတ်နေပါတယ်”ဟု အိုးထိန်းကျေးရွာမှ လူကြီးတစ်ဦးက ပြောသည်။

ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် စက်တင်ဘာ ၂ဝ ရက်နေ့က လင်းမြွေတောင်အနီးတွင် အဖမ်းခံရသည်ဟု သတင်းရသဖြင့် ယင်းနေ့တွင်ပင် အိုးထိန်းရွာမှ ကျောင်းတကာ ကျောင်းတကာ မများသည် စစ်တပ်ရှိရာသို့ သွားရောက်ပြီး ဆရာတော်နှင့် တွေ့ဆုံလိုကြောင်း ပြောဆိုရာ ကျောင်းထိုင်ဆရာတော်ဓာတ်ပုံနှင့် စာရွက်စာတမ်း အထောက်အထားများကို ယူဆောင်လာပါဟုပြောသဖြင့် ကျောင်းသို့ ပြန်ပြီး သွားရောက် ယူဆောင်ခဲ့ရာတွင်လည်း နောက်ပိုင်းတွင် တွေ့ခွင့်မရတော့ဟု ၎င်းကျေးရွာလူကြီးက ပြောကြားသည်။

“ ကျွန်တော်တို့ အဲဒီနေ့ကတည်းတွေ့ခွင့်တောင်းတာလည်း တွေ့ခွင့်မရတော့ဘူ။ ဒီနေ့ထိ အဆက်အသွယ်မရဘဲ သတင်းလည်း ဘာမှ မကြားရ ဖြစ်နေပါတယ်။ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း မသိရဘဲ ဖြစ်နေပါတယ်။ ကျွန်တော်တို့ရွာသားတွေက အထူးစိုးရိမ်နေကြပါတယ်” ဟု ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ စက်တင်ဘာလ ၂၂ ရက် နေ့လယ် ၂နာရီ ၃၇ မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက ထိုသတင်းကို သူမကြားသိရသေးကြောင်း ဖြေကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်အား ဆက်သွယ်ရာ ဆရာတော်နှင့် လူနှစ်ဦး ဖမ်းဆီးခံရသည့် သတင်းကို သူရရှိကြောင်း၊ ဖြစ်စဉ် အသေးစိတ်ကို သူမသိရှိကြောင်း ပြောကြားသည်။

ဆက်စပ် သတင်းများ