သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြား၊ ပန်းမြောင်းရွာဟောင်းမှ အဖွားအိုတစ်ဦး ခေါင်းတွင် ကျည်ဆံထိမှန်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.6k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ခုမှ ပစ်ခတ်လိုက်သည့် ကျည်ဆံထိမှန်ပြီး အဖွားအိုတစ်ဦး ခေါင်းတွင်ဒဏ်ရာရရှိ သွားကြောင်း သတင်းရရှိသည်။

ကျည်ဆံထိမှန်ဒဏ်ရာ ရရှိသွားသည့် အဖွားအိုမှာ ပန်းမြောင်းရွာဟောင်းမှ ဒေါ်မဝင်းစိန်(၇၂)နှစ် ဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်၈နာရီ ၁၅ မိနစ်ခန့်က တောင်ဖြူတောင်ဘက်မှ ပန်းမြောင်းဘက်လာသော ဆင်းလာ စစ်ကြောင်း တစ်ကြောင်းကို ကျေးရွာအနီးတွင် ပုရစ်တူးနေသော ကလေးများက မြင်ရာမှ ကြောက်လန့် ထွက်ပြေးစဉ် စစ်တပ်မှ လိုက်လံ ပစ်ခတ်ခဲ့သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းနောက်ပိုင်း ယင်းစစ်ကြောင်းသည် ပန်းမြောင်းရွာထဲသို့ သေနတ်များဆက်လက်ပစ်ခတ်ပြီး ဝင်ရောက် လာသည်ဟု ဆိုသည်။

ဒဏ်ရာရရှိသွားသူ ဒေါ်မဝင်းစိန်၏ သားဖြစ်သူ ကိုစိုးသူက “သူတို့က အရှေ့ဘက် ရွာပြင်ကနေ ပစ်ခတ်ပြီး ရွာထဲသို့ ဝင်လာတာပါ။ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်လာတဲ့ အချိန်မှာ ကျနော့်အမေက ချမ်းလို့ မီးဖိုမှာမီးလှုံနေတာပါ။ အမေက မီးဖိုကနေထတာနဲ့ ငယ်ထိပ်ကို ကျည်ဆံရှပ်ထိမှန်သွားပါတယ်” ဟု ပြောသည်။

ဒေါ်မဝင်းစိန်အား မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ထားကြောင်း ဒဏ်ရာရရှိသွားသူ၏ မိသားစုဝင်များက ပြောသည်။

ပန်းမြောင်းကျေးရွာဟောင်း၏ အရှေ့ဘက်တောင်ဖြူတောင်ဘက်မှ ပစ်ခတ်လာသည့်အချိန် ကျေးရွာအနီး ပုရစ်တူးနေသည့် ကလေးငယ်များကိုလည်း လက်နက်ငယ်များဖြင့် လှမ်းပစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်း ရမ်းသန်းပစ်ခတ်ပြီး ဝင်လာခြင်းဖြစ်ကြောင်း နောက်ထပ် ကျေးရွာသားတစ်ဦးကလည်း ပြောကြားသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့နံနက် ၉ နာရီ ၁၄ မိနစ်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “ဒီနေ့ ကျနော်တို့တပ်တွေဘယ်ကိုမှ မသွားဘူး။ အနားပေးထားတယ်”  ဟုပြောသည်။

ယခုနှစ် သြဂုတ် ၂၄ ရက်နေ့ကလည်း ပန်းမြောင်းကျေးရွာအတွင်းသို့ ဘုရားတောင်ပေါ်မှ နေရာယူထားသော စစ်တပ်က ပစ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါကွဲခဲ့သဖြင့် ဆယ်တန်းကျောင်းသူ မညိုညိုဝင်းနှင့် မောင်အောင်ဇင်ဖြိုး၊ မင်းထက်ကျော် တို့သေဆုံးခဲ့သည်။

ပန်းမြောင်းကျေးရွာဟောင်းတွင် အိမ်ခြေ ၁ဝဝဝ ကျော်ပြီး ကျေးရွာကြီး တစ်ရွာဖြစ်ပြီး ယခုကဲ့သို့ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားသဖြင့် ရွာသားများအကြား အထူးစိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံများက ပြောသည်။

-----------------------------

Unicode:














ဆက်စပ် သတင်းများ