သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံမြို့ပေါ်မှ လူငယ်တစ်ဦးအား အမည်မသိလူ ၅ ဦးက ဖမ်းဆီးခေါ်ဆောင်မှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.3k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁ဝ/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့ပေါ်မှ လူငယ်တစ်ဦးအား အမည်မသိ လူ ၅ ဦးက ယမန့်နေ့က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက်မှ ဦးမောင်မြင့်စိုးနှင့် ဒေါ်ကျော်ယဉ်စိန်တို့၏ သား မောင်ချစ်နိုင်စိုး(၂ဝ)နှစ် ဖြစ်သည်။

ဖြစ်စဉ်မှာ မြေပုံမြို့၊ တရုတ်တန်းရပ်ကွက်မှ ဦးမောင်တင်ရွှေဆိုသူ ဆိုင်တွင်အလုပ်လုပ်နေသည့် မောင်ချစ်နိုင်စိုးသည် ယမန်နေ့ ညနေ ၇ နာရီခန့်တွင် လမ်းလျှောက်ထွက်လာစဉ် စျေးဓမ္မာရုံအနီး လူပြတ်သည့်နေရာ အရောက်တွင် ကားတစ်စီး ရှေ့က ဖြတ်ရပ်ပြီး ကားပေါ်မှလူ ၂ ဦးဆင်းလာကာ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကာယကံရှင်ဖြစ်သူ မောင်ချစ်နိုင်စိုးက နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“မနေ့ကလမ်လျှောက်ထွက်တဲ့အချိန် ကားတစ်စီးက ရှေ့ကရပ်တယ်။ ကားပေါ်ကလူနှစ်ယောက်ဆင်းလာပြီးတော့ အတင်းအဓမ္မဖမ်းလို့ ပါးစပ်တွေပိတ်ပြီး ကားပေါ်ကိုတင်ပါတယ်။ ကားနဲ့သွားနေတဲ့အချိန် တအားရုန်းတယ်မရဘူး။ ကျောက်မှော်ကြီးကျော်လမ်း ထူးရှယ်ဘက်သို့ သွားတဲ့အချိန်  မူဆလင် ရွာမီးလောင်ကွင်းရှိပါတယ်။ အဲဒီနားအရောက်မှာ ကျနော့်ပုဆိုးကို ဖြဲပြီး ကျနော့်ကိုချည်တယ်။ ပြီးတာနဲ့ ကျနော့်ကို အေအေသွားတာနဲ့တူတယ်လို့ပြောတယ်။ ကျနော်ကလည်း မဟုတ်ပါ။ အလုပ်သမားပါလို့ပြောတော့မျက်နှာကို ဖြတ်ရိုက်ပစ်မယ်။ မင်းစကား မပြောနဲ့လို့ ပြောတယ်။ အေအေဆိုရင် အဲဒီကိုရောက်မှ အသက်ကိုပေးရမယ်။ နောက်တစ်ယောက်က အပြတ်ရှင်းပစ်မယ် ဆိုပြီးပြောပါတယ်” ဟု ကာယကံရှင် မောင်ချစ်နိုင်စိုးက ပြောသည်။

အေအေ ဆိုလျင်အပြတ်ရှင်းပစ်မည်ဟု ပြောဆိုပြီး ပါးစပ်အား အော်မရ ရုန်းမရအောင် ချည်နှောင်ထားကြောင်း၊ မြေပုံမှထွက်ပြီး တောင်ဖလာအနီးအရောက်တွင် အပေါ့သွားမည်ဟုဆိုကာ ၄င်းအားဖိထားသူထဲမှ တစ်ဦး ကားပေါ် ဆင်းစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း မောင်ချစ်နိုင်စိုးက ဆက်ပြောသည်။

“ကျနော့်ကို ဖိထားတဲ့လူထဲက တစ်ယောက်က အောက်ကိုဆင်းပါတယ်။ နောက်တစ်ယောက်က ကားပေါ်မှာ လက်ထိပ်ခတ်ပြီးပါလာတဲ့ လူအနားမှာထိုင်နေပါတယ်။ ကျနော့်ထက်အသက်ငယ်မယ့်သူ တစ်ယောက်ကားပေါ်မှာ လက်ထိပ်ခတ်ပြီးပါလာပါသေးတယ်။  သူကလည်း ရခိုင်ပါ။ ဘယ်ကလည်းဆိုတာကို မပြောပါ။ သူ့ကိုလည်း ရိုက်ထားတာ မရုန်းနိုင်တော့ဘူး။ ဆိုတော့ တစ်ယောက်က အပေါ့လားဖို့ဆင်းနေတဲ့အချိန် ကျနော့်ကို ဖိထားတဲ့တစ်ယောက်ကို အတင်းတွန်းထုတ်ပြီး ကျနော်ကားပေါ်ကနေခုန်ချပြီး ထွက်ပြေးတာ။ ကားပေါ်မှာ လက်ထိပ်ခတ်ပြီး ပါလာတဲ့သူက အော်တယ်။ အကိုပြေးပြေးဆိုပြီး အော်တယ်။ ပြေးတဲ့နေရာကလည်း ကျနော်တို့ အမြဲထင်းခုတ်တဲ့နေရာဆိုတော့ လမ်းသိလို့ ထွက်ပြေးလွတ်မြောက်လာတာပါ”ဟု ၄င်းကပြောသည်။

ဆက်လက်ပြီး အဆိုပါဖမ်းဆီးခံရသူလူငယ်က ၄င်းအားဖမ်းဆီးသူများမှာ အရပ်ဝတ်ဖြင့် ဗမာစကားသာ ပြောဆိုကြောင်း၊ ရခိုင်က ဗမာစကားလုပ်ပြောနေခြင်းမဟုတ်ကြောင်း၊ ရန်ကုန်တွင် ၃နှစ်ခန့် သွားရောက် အလုပ်လုပ်ဖူးကြောင်း၊ ဗမာက ရခိုင်လိုလုပ်ပြီးပြောခြင်းနှင့် ရခိုင်က ဗမာလိုလုပ်ပြီးပြောခြင်းကို ကောင်းကောင်း ခွဲခြားတတ်ကြောင်း ကာယကံရှင်မောင်ချစ်နိုင်စိုးက ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီးမိသားစုဝင်များက မြေပုံမြို့ မြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်ဟု ပြောဆိုသည်။
 
သို့အတွက် အသေးစိတ်အားသိရှိနိုင်ရန် မြေပုံမြို့မရဲစခန်းသို့ ယနေ့ နေ့လယ် ၁ နာရီ ခွဲခန့်က နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရှိခဲ့ပါ။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းကဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“ ဖြစ်တာမှန်ပါတယ်။  ထိုဖြစ်စဉ်မျိုး ယခင်ကတခါမှ မြေပုံမှာ ဖြစ်ဖူးတာမရှိဘူး။ ဒီဖြစ်စဉ်က ပထမဆုံးပါ” ဟု ၎င်းက ပြောကြားသည်။ 

-----------------------------










 



ဆက်စပ် သတင်းများ