သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ဓညဝတီရေတပ်စခန်းတွင်ဖမ်းဆီးထားသည့် ကပ်သပြေရွာသားလူငယ် ၉ ဦးထဲမှ ၂ ဦးကိုပြန်လွှတ်၊ ၇ ဦးကို ရဲသို့လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.4k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇူလိုင် ၅/ ၂ဝ၂ဝ

ဇွန်လ ၂၆ ရက်နေ့ က တပ်မတော် ကင်းလှည့် စစ်ကြောင်း တစ်ခုမှ ဖမ်းဆီးသွားသည့် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ် ၉ ဦးထဲမှ ၂ ဦးကို ဇူလိုင် ၄ ရက်နေ့က ပြန်လွှတ်ပေးကာ ကျန်၇ ဦးကို ကျောက်ဖြူ မြို့မရဲစခန်းသို့ လွှဲပြောင်း ပေးလိုက်သည်ဟု သတင်းရရှိသည်။

ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ခင်ဦးက “ အဲဒီ ဖမ်းထားတဲ့ ၉ ဦးထဲက မောင်သန်းလှိုင် ခင်ဝင်းမောင်ဆိုတဲ့ လူငယ် နှစ်ကို မနေ့က လွှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၇ ဦးကတော့ သစ်ပုတ်တောင် ရေတပ်ကနေ ရဲစခန်းကို လွှဲလိုက်ပါတယ်။ အခု ရဲစခန်းမှာ ရှိနေပါတယ်။ သူတို့ကိုတော့ အမှုစွဲတင်မယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။  

ရဲစခန်းသို့ လွှဲပြောင်းခံရသူ ၇ ဦးမှာ ကပ်သပြေရွာမှ ကိုလှမောင်သန်း၊ ကိုမောင်ငယ်၊ ကိုမောင်လှမြင့်၊ ကိုစံလှမောင်၊  ကိုအောင်တင်ချေ၊ ကိုကွန်ကျားအောင်၊ ကိုလှနုအောင်(ခ) ဝါကြီးတို့ဖြစ်ကြသည်။ ၎င်းတို့မှာ အသက် ၂ဝ နှင့် ၂၅ ဝန်းကျင်ရှိ လူငယ်များဖြစ်ကြသည်ဟု သိရသည်။

“ သူတို့က ဇွန်လ ၂၆ ရက် ည ၈ နာရီခန့်မှာ သစ်ပုတ်တောင်ရေတပ်စခန်းဘက်ကို သွားတဲ့ ကားလမ်းမှာ ကင်းလှည့်လာတဲ့ တပ်မတော် သားတွေနဲ့ တွေ့ပြီး ဖမ်းယူသွားတယ်။ သူတို့ကို ဖမ်းယူသွားတဲ့အချိန်မှာ ကျနော်ကို ခေါ်လာတယ်။ သူတို့ဟာ ဒီရွာကလားဆိုပြီးတော့ ကျနော်ကိုမေးတယ်။ ကျနော်တို့ ရွာသားများ ဟုတ်မှန်ကြောင်းကိုတော့ ကျနော်ပြောလိုက်တယ်။ အဲဒီနေ့ကတော့ သူတို့ကို သစ်ပုတ်တောင် ဓညဝတီ ရေတပ်စခန်းဘက်သို့ ခေါ်ယူသွားတယ်” ဟု ကပ်သပြေကျေးရွာအုပ်ချုပ်ရေးမှူး ပြောသည်။ 

ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် ၎င်းတို့နှင့် တွေ့ဆုံပြုရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို မိသားစုဝင်များက တောင်းဆိုခဲ့ကြသည်။ 

၎င်းလူငယ် ခုနှစ်ဦးနှင့် အတူ ဖမ်းဆီးခံထားရသူ စိုင်ခြုံဒွိန်ကျေးရွာ ရာအိမ်မှူး ဦးမောင်လှမြင့်ကိုလည်း ရဲစခန်းသို့ လွှဲပြောင်းလိုက်သည်ဟု သိရသည်။   

ကပ်သပြေကျေးရွာတွင် အိမ်ခြေ ၁၁ဝ ဝန်းကျင်နှင့် လူဦးရေ ၅ဝဝ ကျော်ခန့်ရှိပြီး သစ်ပုတ်တောင်ရှိ ဓညဝတီ ရေတပ်စခန်းနှင့် ၃ မိုင်ခန့်သာဝေးပြီး ဓညဝတီ ရေတပ်စခန်းမှာ ကပ်သပြေရွာ၏ အရှေ့ဖက်တွင် တည်ရှိကြောင်း သိရှိရသည်။

၎င်းလူငယ် ၉ ဦးဖမ်းဆီးခံရပြီးနောက် ကျေးရွာသားအချို့မှာ စိုးရိမ်ကြောက်လန့်ပြီး ကျောက်ဖြူမြို့သို့   ထွက်ပြေးသွားခဲ့ကြသည်။


ဆက်စပ် သတင်းများ