သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရသေ့တောင် ချိန်ခါလီကျေးရွာတွင် ပိတ်မိကျန်ခဲ့သည့်သက်ကြီး၉ ဦးအပါအဝင် ရွာသား၁၃ ဦးကို ကယ်ထုတ်၊ သေဆုံးသူအလောင်းရှာမတွေ့သေးဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 2.1k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာတွင် တိုက်ပွဲကြား ပိတ်ကျန်ခဲ့သည့် သက်ကြီး ၉ ဦး အပါအဝင် ရွာသား ၁၃ ဦးကို ယနေ့ ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်သော်လည်း သေဆုံးသွားသူ ဦးထွန်းမောင်စိန်၏ အလောင်းကို ရှာဖွေမတွေ့သေးဟု ၎င်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။ 

ဦးထွန်းတင်စိုးက “သက်ကြီးတွေရော၊ အဲဒီ အဖမ်းခံခဲ့ရတဲ့ ရွာသားတွေရော၊ အကုန်လုံးကို ကယ်ထုတ် နိုင်ခဲ့ပါပြီ။ စုစုပေါင်း ၁၃ ဦး။ မနေ့က အသတ်ခံရတဲ့  ဦးထွန်းမောင်စိန်ရဲ့ အလောင်းကိုတော့ ရှာမတွေ့ဘူး” ဟု နိရဥ္စရာသို့ ယနေ့ ညနေပိုင်းက ပြောသည်။

ချိန်ခါလီရွာအနီးတွင် ဇူလိုင် ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာသားအများအပြားမှာ ရွာကို စွန့်ခွာထွက်ပြေးသွားကြီးနောက် သက်ကြီးရွယ်အိုးများ အပါအဝင် ရွာသားအနည်းငယ်မှာ ရွာထဲတွင် ကျန်နေခဲ့သည်။ ထိုသို့ ကျန်နေခဲ့သူများ အထဲမှ စျေးဆိုင်ရောင်းသူ ဦးထွန်းမောင်စိန် (၆၁) နှစ်ကို စစ်တပ်သားအချို့မှ ပစ်သတ်ခဲ့သည်ဟု ဇနီးဖြစ်သူ ဒေါ်ဦးစိန်ညွှန့်က ပြောကြားသည်။ 

၎င်းနောက်ပိုင်း ဦးထွန်းမောင်စိန်သာမက တစ်ခြားရွာသား တစ်ဦးဖြစ်သူပါ သေဆုံးသွားခဲ့ကြောင်း၊ ရွာတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများလည်း ထိခိုက်မှုရှိကြောင်း၊ စသဖြင့်  လူမှုကွန်ရက် စာမျက်နာများတွင် သတင်းအမျိုးမျိုး ပျံ့နှံ့သွားခဲ့သဖြင့် မိသားစုများအကြားတွင်လည်း စိုးရိမ်မှုများ မြင့်တက် ခဲ့ကြရသည်ဟု သိရှိရသည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းညီညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းသို့ နိရဥ္စရာ သတင်းဌာနမှ ယနေ့ နံနက်ပိုင်းက အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းကိုင် ဖြေဆိုခြင်း မရှိခဲ့ပါ။ Myanmar Now ကို အဆိုပါ သတင်းနှင့် ပတ်သက်ပြီး  တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းညီညီက ဖြေကြားရာ ၎င်းသေဆုံးမှု သတင်းမှာ မဟုတ်မှန်ကြောင်း ပြောဆိုသည်။ 

ထိိုသို့ အခြေအနေများ ရှုပ်ထွေးနေချိန်တွင် မောင်တောမြို့မှ လူမှုကူညီရေးအသင်းများနှင့် လွှတ်တော်အမတ် များက ရွာထဲတွင် ကျန်နေခဲ့ကြသူများကို ယနေ့ ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းတွင် သွားရောက် ကယ်ထုတ်ခဲ့ကြသည်ဟု  ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။ 

 “ချိန်ခါလီရွာကိုဝင်ပြီး ကယ်ထုတ် လိုက်နိုင်ပြီ။ သက်ကြီးက ၉ ယောက်၊ နောက်ပြီး နှာတာရှည် ရောဂါ ခံစားနေရသူ အသက် (၂၇) နှစ်ရှိတဲ့ ယောကျာ်းလေး တစ်ယောက်၊ နောက်ထပ် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကောင်လေး သုံးယောက်ကို အာမခံနဲ့ ပြန်ခေါ်လာခဲ့တယ်။ သူတု့ိကို ကယ်ထုတ်နိုင်ခဲ့ပြီ။ စုစုပေါင်း ၁၃ ယောက်။ ကားနဲ့ ကယ်ထုတ်လာတာ။ ရွာထဲမှာတော့ စစ်သားတွေ ရှိနေသေးတယ်။ သေဆုံးသူ အလောင်းကိုတော့ လောလောဆယ်မှာ မတွေ့ခဲ့သေးဘူး။ သတင်းတော့ ရထားပါတယ်။ အသက်ရှင်နေတဲ့ သူတွေကိုသာ ကယ်ထုတ်နိုင်ခဲ့သေးတာပါ” ဟု သူမက နိရဥ္စရာသို့ ပြောသည်။

ချိန်ခါလီကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူများဖြစ်ကြသည့် ဦးအာဒေါင်း (၃၂) နှစ်၊ ဦးနေထက်ဦး (၃ဝ) နှစ်နှင့် မောင်အပေါက်ချေ (၁၄) နှစ်တို့လည်း ပြန်လည် လွှတ်မြောက်လာသည့် အထဲတွင် ပါဝင်လာပြီး ၄င်းတို့ သုံးဦးအား ယမန်နေ့ ဇူလိုင် ၁၃ ရက် ညနေ ၅ နာရီခန့်က ကျေးရွာအနီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ကျေးရွာထဲသို့ ဝင်ရောက်လာသော တပ်မတော်စစ်ကြောင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ချိန်ခါလီကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ဆက်လက် ပြောသည်။

လက်ရှိတွင် အဆိုပါ ပိတ်မိခဲ့သူများအား ရသေ့တောင်မြို့နယ်၊ ဆင်ပိုက်ကျေးရွာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ချိန်ခါလီကျေးရွာအနီး ဇူလိုင် ၁၃ ရက်နေ့ နေ့ ၉ နာရီခန့်က ၁၅ မိနစ်ခန့်ကြာ နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များ ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲမှုရှိ၍ ကျေးရွာသားများမှာ ကြောက်လန့်ကာ ထွက်ပြေးခဲ့ကြသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ဇူလိုင် ၁၃ ရက်နေ့ ပစ်ခတ်မှုများဖြစ်စဉ်တွင် နေအိမ်အောက်၌ ပုန်းခိုနေကြသည့် ချိန်ခါလီကျေးရွာမှ ဦးမောင်ထွန်းဝင်း (၄၇) နှစ်၊ ဒေါ်ဦးမြင့်ကြည် (၃၃) နှစ်နှင့် သူမ၏သားဖြစ်သူ မောင်နေမင်းဆန်း (၁၁) နှစ်တို့မှာ လက်နက်ကြီးအစများ ကျရောက်မှုကြောင့် ဒဏ်ရာအနည်းငယ်စီ ရရှိသွားခဲ့ကြသည်။ 

ချိန်ခါလီကျေးရွာတွင် အိမ်ခြေ ၁၄၂ ဆောင်နှင့် လူဦးရေ ၆၅ဝ ခန့်ရှိပြီး ၄င်းတို့မှာ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ အငူမော်ကုန်တန်း၊ လောင်းချောင်း၊ သံချောင်းကျေးရွာတို့နှင့် စစ်တွေမြို့ပေါ်၌ ထွက်ပြေး ခိုလှုံလျှက် ရှိကြသည်။

 


ဆက်စပ် သတင်းများ