သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

လင်ဖြစ်သူအားသတ်ဖြတ်သူများကို ဥပဒေအရအရေးယူပေးရန် ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးတောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇူလိုင် ၁၆/ ၂ဝ၂ဝ

ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ လင်ဖြစ်သူ ဦးကျော်လှိုင် (၃၁) နှစ်အားသတ်ဖြတ်ပြီး ခန္ဓာကိုယ်အား အစိတ်စိတ်အမြွှာမြွှာပိုင်းဖြတ်၍ အိတ်များနှင့်ထုတ်ကာ ကုလားတန်မြစ်ထဲလွှင့်ပစ်ခဲ့ကြသူများကို ဥပဒေကြောင်းအရ အရေးယူပေးရန် စစ်တွေမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇနီးဖြစ်သူဒေါ်စုချေက တောင်းဆိုလိုက်သည်။ 

ဇူလိုင် ၁၅ ရက် နံနက်က စစ်တွေမြို့ရှိ ရခိုင်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုချေက သူမ၏လင်ဖြစ်သူ အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုသို့ တောင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။  

“ ဇူလိုင် ၆ ရက်နေ့ မနက်ပိုင်းက ကျမသူငယ်ချင်းတစ်ယောက်က အဲဒီ မြစ်နားမှာ ကွန်ပစ်ဖို့သွားတယ်။ ကွန်ပစ်ဖို့သွားတဲ့အချိန်မှာ အဲနားမှာ ခြေထောက်တစ်ချောင်းထောင်နေတာကိုတွေ့လို့ သူက ကျမကို လာပြီးတော့ ပြောတယ်။ ကျမတို့လည်း သွားပြီး  ကြည့်တဲ့အချိန်မှာ အဲဒီခြေထောက်ဟာ ကျမယောကျာ်းရဲ့ ခြေထောက်ဖြစ်နေတယ်။ ကျမယောကျာ်းရဲ့ ခြေထောက်လို့ ဘယ်လို့သိလေဆိုတော့ ကျမမောင်လေးဆီက ပေးလိုက်တဲ့ ဘောင်ဘီဟာ သူ့ပေါင်မှာ ဝတ်ပြီးတော့ ပါလာတယ်။ နောက်ပြီး ခြေထောက်မှာ သားရေကွင်း စည်လို့ပါတယ်။ အဲဒီသားရေကွင်းဟာ ကျမကိုယ်တိုင်စည်းပေးထားတဲ့ သားရေးကွင်ဖြစ်တယ် ”ဟု ဒေါ်စုချေက ပြောသည်။

၎င်းခန္ဓာအစိတ်အပိုင်းမှာ သူမယောကျ်ားဝတ်ထားသော အဝတ်အစားများနှင့် သူ့ခန္ဓာကိုယ်တွင်ထိုးထားသော ဆေးမှင်များအရ သိရှိရကြောင်း ဇနီးဖြစ်သူ ဒေါ်စုချေက မနေ့ကသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြားခဲ့သည်။

 “ နောက်တစ်ရက် ဇူလိုင် ၇ ရက်နေ့မှာလည်း မြစ်ကမ်းဘေူနားမှာ အထုတ်တစ်ထုတ်ပေါ်တယ်ဆိုပြီး ပြောသံ  ကြားတဲ့အတွက် ကျမတို့က သွားပြီးတော့ ဖွင့်ကြည့်တယ်။ ဖွင့်ကြည့်တဲ့အချိန်မှာ လက်နှစ်ချောင်းနဲ့ ခေါင်းတစ်လုံးရတယ်။ လက်နှစ်ချောင်းကို လက်မောင်းရင်းကနေပိုင်းထားတဲ့။ ခေါင်းကိုလည်း ဖြတ်ထားတယ်။ သူ့လက်မှာ သမီးလေးနာမည်ကို မင်းထိုးလို့ပါတယ်။ မင်းထိုးလို့ပါတယ်ဆိုတော့ အဲဒါကျမယောကျာ်းဆိုတာ သေချာသွားပါပြီ။ ထပ်ပြီး အဲဒီအနီးအနားကို ကျမတို့သွားရှာကြည့်တော့ ခြေထောက်တစ်ချောင်းကို အရင်တွေ့တယ်။ နောက်ပြီး ခန္ဓာကိုယ်ကိုတွေ့တယ်။ ခန္ဓာကိုယ်ကျတော့ ဆာလာအိတ်ထဲမှာ ထည့်ပြီးတော့ ခြုပ်ထားတယ်။ အပေါ်က ကျောက်တုံးတွေ့နဲ့လည်း ဖိထားတယ်။ အဲဒီခန္ဓာဟာလည်း ကျမယောကျာ်းရေ ခန္ဓာဖြစ်တယ်။ ကျမယောကျာ်းခန္ဓာကိုယ်ရဲ့ နောက်ကျောမှာ အာရ်ကန်ဆိုပြီး မင်းထိုးလို့ပါတယ်။ အဲဒါတွေက သက်သေတွေပါ။ ကျွန်မယောကျ်ားအတွက် တရားဥပဒေအရ အပြစ်ကျူးလွန်သူတွေကို အပြစ်ပေးဖို့ လိုလားပါတယ်” ဟု သူမက ဆက်ပြောသည်။

ကိုဦးကျော်လှိုင်မှာ ဆင်းရဲပင်ပန်းသဖြင့် ကြုံရာအလုပ်ကို လုပ်စားနေသူတစ်ဦးဖြစ်ကြောင်း၊  ဇူလိုင်လ ၂ ရက်နေ့က ညနေ ၄ နာရီခန့် ဘီယာဘူးခွံ သွားကောက်စဉ် တပ်မတော်သားများက ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း၊ ကျောက်တော်မြို့မ ဓမ္မာရုံသို့ ခေါ်ယူသွားခဲ့ပြီး ငှက်ပျောတောတွင် ချည်နှောင်ထားကို ကျောင်းနောက်ဖက်လမ်းမှ ချောင်းကြည့်စဉ် လင်ဖြစ်သူအား ဇူလိုင်လ ၃ ရက်နေ့တွင် တွေ့မြင်ခဲ့ရကြောင်း၊ သက်ဆိုင်ရာ ဗိုလ်ကြီးတစ်ဦးသွားရောက်ပြီး သူမ၏ ယောကျ်ားဖြစ်သူအား လွတ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ၎င်းစစ်ဗိုလ်မှ ဖမ်းဆီးထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်ဟု ဒေါ်စုချေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကုလားတန် မြစ်ကမ်းဘေးတွင် တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းမှူးက ၎င်းခန္ဓာကိုယ်အစိတ်အပိုင်းများကို တွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း၊ ၎င်းခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ပိုက်သည်ရပ်ကွက်မှ ဦးကျော်လှိုင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်ကြောင်း နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီတို့အား ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့သော်လည်း ဆက်သွယ်လို့ မရရှိခဲ့ပါ။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ RAF သတင်းဌာနတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ တပ်မတော်က ဖမ်းဆီးတာ၊ ပြန်လွှတ်ပေးတာ၊ တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး သတင်းပုံမှန်ထုတ်ပြန်ပေးနေပြီး ယခုကိစ္စဟာ စွပ်စွဲချက်သာဖြစ်ကြောင်း၊ တပ်မတော်ဖက်မှ ဒီလိုမျိုး လုပ်ဆောင်လေ့ မရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ် ” ဟု ရေးသားထားသည်။


ဆက်စပ် သတင်းများ