သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မနာလိုသူအချို့အကောက်ကြံရာမှ ရေနံဒွိန်ရွာသားညီအစ်ကိုနှစ်ဦး ဖမ်းဆီးခံရခြင်းဟုမိသားစုဝင်များဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၀
  • | ကြည့်ရှုသူ: 1.8k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇူလိုင် ၁၇/ ၂ဝ၂ဝ

ဇူလိုင် ၁၃ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ညီအစ်ကိုနှစ်ဦးကို တပ်မတော်စစ်ကြောင်း တစ်ခုမှ AA အမာခံ သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ သူတို့နှစ်ဦးအား မနာလိုသူအချို့မှ အကောက်ကြံသတင်းမှားပေးရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ရေနံဒွိန်ကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ဦးစောမောင် (၃၈) နှစ်နှင့် ဦးညီညီထွန်း (၃၁) နှစ်တို့ဖြစ်ကြသည်။  

မိခင် ဖြစ်သူ ဒေါ်ချီးဒုံမက “စစ်သားတွေက ခဏလေးခေါ်သွားမယ်ဆိုပြီး ခေါ်သွားတာ။ ကျွန်မတို့ သားနှစ်ယောက်က ရွာမှာ အရမ်းစိတ်သဘောထားကောင်းပါတယ်။ ဒီဖြစ်ရပ်ဟာ ရွာကမနာလိုတဲ့လူတွေက ကြံစည်တာပါ။ ရွာသားအချို့က မနာလို မုန်းတီးမှုနဲ့ ကြံစည်ကြတာဖြစ်ပါတယ်။  အေအေတပ်ဖွဲ့ဝင် မဟုတ်ကြောင်းကိုလည်း ဘာသက်သေအထောက်အထားမျိုးမဆို ပြနိုင်ပါတယ်။ အခု သူတို့နဲ့လည်း အဆက်သွယ်မရဘူး။ အရမ်းစိုးရိမ်တယ်။ သားလေးတွေ တစ်ခုခုဖြစ်မှာကို” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်းတို့နှစ်ဦးမှာ တစ်ဝမ်းတစ်ခါးကို ရိုးရိုးသားသား ရုန်းကန်ရှာဖွေစားသောက်နေကြသူများဖြစ်ကြောင်း၊ ညီဖြစ်သူ ညီညီထွန်းမှာ ဆန်စက်ဖြင့် လုပ်ကိုင်စားသောက်နေသူ ဖြစ်ပြီး အစ်ကိုဖြစ်သူ စောမောင်မှာ ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းသူဖြစ်ကြောင်း ပြောဆိုသည်။ 

“ အဒေါ်ရဲ့သားငယ် ညီညီထွန်းမှာ မိန်းမကလည်း ကိုယ်ဝန်က လစေ့၊ နေ့စေ့ပါ။ သားကြီးစောမောင်က ငါးရှာပြီး လုပ်စားတာ။ သူမရှိတော့ သူ့မိန်းမလည်း ဘာမှမလုပ်တတ်ဘူး။ ကျွန်မသားလေးနှစ်ယောက်က ကိုယ့်လုပ်စားနဲ့ ကိုယ် ရှာစားနေကြတာကို မနာလိုလူတွေက ကုန်းတိုက်တော့ အဖမ်းခံရတာပါ။ ဘာမှ အပြစ်မရှိပါဘူး” ဟု မိခင် ဖြစ်သူ ဒေါ်ချီးဒုံမက ဆက်လက်ပြောဆိုသည်။ 

ဖမ်းဆီးခံထားရသူ ဦးညီညီထွန်း၏ အဆက်သွယ်မရ၍ အထူး စိုးရိမ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်ဖြူချေက ပြောသည်။ 

“ အဲဒီဖမ်းသွားတဲ့ ဇူလိုင် ၁၃ ရက်နေ့က စစ်သားတွေ အိမ်ကို သုံးကြိမ်လာပြီး ပစ္စည်းတွေကို ရှာဖွေ မွှေနှောက်တယ်။ ကျွန်မတို့မှာက ဆန်စက်နဲ့ ဆန်ကြိတ်ပြီး လုပ်စားကြတာတာ။ အဲဒီမှာ ဆန်ကြိတ်ရင် မျက်နှာကို ဆန်မှုန့်တွေ မစင်ရအောင် မျက်လုံးတို့ ပါးစပ်တို့ကို ဖော်ထားတဲ့ ခေါင်းစွပ်မျိုးရှိတယ်။ ဒါကိုလည်း တစ်ရွာလုံး အသိပါပဲ။ အဲဒီခေါင်းစွပ်ကို သိမ်းယူသွားတယ်။ ပြီးရင် အိမ်က ဘတ်ထရီအားသွင်းတဲ့ Power Bank တစ်ခု ၊ ကတ်ကြေး အဲဒါတွေကို သိမ်းယူသွားကြတယ်။ ကျွန်မယောကျ်ားရဲ့ အစ်ကို စောမောင်အိမ်ကလည်း ငါးစာရင်း အကြွေး စာအုပ်တွေကို ယူသွားတယ်။ နှစ်ယောက်လုံးကို ဖမ်းခေါ်သွားတယ်။ အခုထိ အဆက်သွယ် မရဘူး။ သူမရှိတော့ ဆန်ကြိတ်မယ့် သူမရှိတော့ဘူး။ ထမင်းငတ်တော့မယ်။ ကျွန်မလည်း ပူပန်သောက ရောက်နေပြီ။ ညလည်း မအိပ်နိုင်ဘူး” ဟု ဒေါ်ဖြူချေက နိရဥ္စရာသို့ ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဦးညီညီထွန်းနှင့် ဦးစောမောင်တို့၏ နေအိမ်တို့အား တပ်မတော်သားများက ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ၄င်းတို့နှစ်ဦးအား မည်သည့်နေရာ၌ ထားသည်ကို မသိရှိရ၍ စိုးရိမ်ကြောင်း ၄င်းတို့နှစ်ဦး၏ မိခင် ဒေါ်ချီးဒုံမက ပြောသည်။ 

ရေနံဒွိန်ကျေးရွာမှ အမည်မဖော်လိုသူ ရပ်မိရပ်ဘ တစ်ဦးကလည်း “စစ်သားက ၇ဝ လောက်ရှိပါတယ်။ သူတို့ နှစ်ယောက်ကို ဖမ်းခေါ်သွားတာ။ အခု ဘယ်မှာ ထားလဲဆိုတာကို မသိရဘူး။ အဆက်သွယ်လည်း မရဘူး။ အဲဒီနေ့က အိမ်ကို စစ်သားတွေလာပြီး ဖမ်းခေါ်သွားတာ။ အိမ်ကိုတက်ပြီးလည်း ပစ္စည်းတွေ ရှာဖွေခဲ့ပါသေးတယ်။ ကျွန်တော်တို့ ကတော့ သူတို့နှစ်ယောက်ကို ကိုယ့်ရွာမှာကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် ရိုးရိုးသားသား လုပ်စားနေကြတာကို တွေ့ပါတယ်။ တစ်ယောက်က ရေလုပ်ငန်းလုပ်တယ်။ နောက်တစ်ယောက်က ဆန်ကြိတ်ပြီး လုပ်စားတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

မိသားစုများက သူတို့ ညီအစ်ကို နှစ်ဦးအား ဇူလိုင်လ ၁၃ ရက်နေ့ က ဖမ်းဆီးကြောင်း ပြောဆိုသော်လည်း တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် အစ်ကို ဖြစ်သူ ဦးစောမောင် (၃၈) နှစ်ကို ဇူလိုင် ၁၃ ရက်နေ့ ညနေကလည်းကောင်း၊ ညီဖြစ်သူ ညီညီထွန်း (၃၁) အား  ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်က ဖမ်းဆီးရမိသည်ဟု ဖော်ပြသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်း ရေနံတွန် (ရေနံဒွိန်) ကျေးရွာနေ ဦးစောမောင် ၃၈ နှစ် (ဘ) ဦးမောင်စောသိန်း၏ နေအိမ်အတွင်းမှ  AA အဖွဲ့အတွက် ဆက်ကြေးငွေနှင့် ရိက္ခာကောက်ခံထားသည့် စာရင်းများပါ စာအုပ် ၃ အုပ်၊ အနက်ရောင် ခေါင်းစွပ် ၁ လုံး၊ Power Bank အတွင်း ထည့်သွင်းအသုံးပြုသော ဓာတ်ခဲခြောက် ၁ စုံ၊ ၆ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း၊ Smart ဖုန်း ၁ လုံး၊ Keypad ဖုန်း ၁ လုံးနှင့် AA နှင့်ပတ်သက်သည့် လက်ရေးစာတမ်းပါ စက္ကူခေါက် ၁ ခုတို့အား ရှာဖွေတွေ့ရှိခဲ့သည်ဟု ဖော်ပြသည်။  

အလားတူ ဇူလိုင် ၁၄ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ညီညီထွန်း၏နေအိမ်အား ရှာဖွေရာ အသွား ၉ လက်မခန့်ရှိ ဓားမြှောင်တစ်ချောင်းနှင့် ဓာတ်ခဲအားသွင်းခုံတစ်ခုအပါအဝင် အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြသည်။ 

သိမ်းဆည်းရမိသည့် ပစ္စည်းများအရ ၎င်းတို့နှစ်ဦးသည် AA အဖွဲ့နှင့်  ပတ်သက်ဆက်နွယ်သည်ဟု ယူဆရသဖြင့် ခေတ္တထိန်းသိမ်းဖမ်းဆီးကာ လိုအပ်သည့် စစ်ကြောမေးမြန်းမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။ 

(ဓာတ်ပုံ- တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်သည့် ဖမ်းဆီးရမိသည့် အထောက်အထားစာရွက်)


ဆက်စပ် သတင်းများ