သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ စစ်ရှောင်တစ်ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ အောက်တိုဘာ ၁၄ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု၊ ကွေ့ချေကျေးရွာသို့ ယမန်နေ့ အောက်တိုဘာ ၁၃ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသဖြင့် စစ်ဘေးရှောင်တစ်ဦးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူမှာ နတ်မော်ကျေးရွာမှ စစ်ဘေးရှောင်လာသူ မောင်ငမျိုး(၂၂)နှစ်(ဘ) ဦးညီလေး၏သားဖြစ်ပြီး ကွေ့ချေကျေးရွာတွင် စစ်ရှောင်လာစဉ် ရွာထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

“တိုက်ပွဲလည်း မဖြစ်ပါဘူး။ ရွာတွေမှာ လူမရှိတဲ့ ရွာက များသွားပြီ ။ ဒီကွေ့ချေ ကျေးရွာကို အဲဒီနတ်မော်တို့ဘက်က လူတချို့၊ အမျိုးသမီးတချို့တို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ထွက်ပြေးလာကြတာ။ အဲဒီမှာ လက်နက်ကြီးက ရွာကို မနေ့က ကျတော့ အဲဒီမောင်ငမျိုးကို ထိတာပါ။ ရွာသားပိုင်နွားတစ်ကောင်လည်း ဒဏ်ရာရသွားတယ်”ဟု ၎င်းက ပြောသည်။

ရွာ၏ ဘေးပတ်လည်ကလက်နက်ကြီးပစ်ခတ်သံများကိုကြားရပြီး ဒလက် အနောက်ရွာ တောင်တန်းတွင်တပ်မတော်က နေရယူထားသည်ဟု ၎င်းက ပြောဆိုသည်။

ဒဏ်ရာမှာ မောင်ငမျိုး၏ ညာဖက်တင်ပါးအောက်(ပေါင်ရင်း)ကို ကျည်စဖောက်ဝင်ပြီး ရွာသားပိုင်နွားတွင်မူ လည်ပင်းကို ဖောက်ဝင်သွားကြောင်း ကွေ့ချေကျေးရွာသား ၎င်းကဆက်ပြောသည်။

ကမ်းထောင်းကြီးမြို့နယ်တွင် လူမှုရေးအလုပ်များ လုပ်ဆောင်နေသူ ကိုဝင်းလှအောင်က “ လက်နက်ကြီး ကျည်ထိလို့ ဒဏ်ရာရတာဟုတ်ပါတယ်။ နတ်မော်ရွာသားစစ်ဘေးရှောင်တစ်ဦးမှာပါ။ ကွေ့ချေရွာကို ရောက်နေကြတာပါ။ နတ်မော်ရွာမှာက လူမရှိတော့ဘူး။ ဒီမနက် အဲဒီကွေ့ချေရွာမှာလည်း ရွာသားတွေ ထွက်ပြေးသွားကြပါပြီ။ ရွာသားသုံးလေးယောက်ပဲ ရွာကိုစောင့်ရင်း ကျန်ခဲ့တယ်” ဟုပြောသည်။
အဆိုပါ လူနာအား ကမ်းထောင်းကြီးသို့ဆေးကုသနိုင်ရေး လုပ်ဆောင်နေကြကြောင်း ၄င်းက ဆက်ပြောသည်။

အမ်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါ်ထုမေနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းတို့အား နိရဥ္စရာမှ အဆိုပါ ကိစ္စအား မေးမြန်းရန် ဆက်သွယ်သော်လည် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းသို့ မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

လွန်ခဲ့သည့် အောက်တိုဘာ ၁ဝ ရက်နေ့ကလည်း ဒါးလက်ရွာဟောင်းကျေးရွာမှ ငါးဖမ်းသမားနှစ်ဦးမှာလည်း လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ စစ်တွေဆေးရုံသို့ တစ်ရက်အကြာမှ ဆေးကုသရန် ပို့ဆောင်နိုင်ခဲ့ကြကြောင်း အမ်းမြို့နယ်နှင့် ကမ်းထောင်းကောင်း မြို့နယ်တို့မှ လူမှုရေး လုပ်နေသူများ၏ ပြောပြချက်အရသိရသည်။

ဆက်စပ် သတင်းများ