တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

စစ်ကောင်စီသင်္ဘောများအား KIAနှင့် ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 244

လူထက်နိုင် (ဒွါရာမြီ)၊ နိရဉ္စရာ၊ စက်တင်ဘာ ၂၁/ ၂၀၂၄

မန္တလေးမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘောများအား ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် PDF အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ပူပေါင်းတိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA စစ်ရေးသတင်းအရင်းအမြစ်များထံမှသိရသည်။

ရှေ့ပြေးသံခွန် အမျိုးအစား ယာဉ်နှစ်စီး အပါအဝင် စစ်ကောင်စီသင်္ဘော (၈) စီးသည် စက်တင်ဘာ ၁၇ ရက်နေ့တွင် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်ခဲ့ပြီး ဒုတိယမြစ်ကျဉ်းနားတွင် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီးကြောင်း သိရသည်။

KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက “စစ်ကူနဲ့ လက်နက်ခဲယမ်းတွေ မန္တလေးကနေ တင်ဆောင် လာတာလို့ သိရပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာတာ ရွှေကူမြို့နား အရောက် မှာကြားဖြတ်တိုက် သိမ်းပိုက် ခဲ့တာ။ စစ်သင်္ဘောအကြီး၊ အသေး ၈ စင်းပါတယ်။စစ်သင်္ဘော အများစုက ပျက်စီးသွားတယ်” ဟုပြောသည်။


ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီသင်္ဘောများတွင် KIA နှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရှေ့ပြေးသံခွန်ယာဉ်နှစ်စီးနှင့် သင်္ဘောတစ်စီးသာ ဗန်းမော်မြို့သို့ မဆိုက်ရောက်နိုင်တော့ကြောင်း သူကဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီသင်္ဘောတွေများသည် သြဂုတ်လ ၂၈ ရက်နေ့ကတည်းက မန္တလေးမှ လေကြောင်း လုံခြုံရေးလိုက်ပါပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခြင်းဖြစ်ကြောင်း ဒေသတွင်း ကချင်သတင်းများက ဖော်ပြထားကြသည်။

ဗန်းမော်မြို့ လုံခြုံရေတပ်ဖြစ်သည့် ခမရ (၄၃၇) ကို ဩဂုတ် ၁၉ ရက်နေ့တွင် KIA နှင့် ပူးပေါင်း တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီသည် ဗန်းမော်ဝန်းကျင်ကို လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ- ကချင်သတင်းများ

 

ဆက်စပ် သတင်းများ