စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မောင်တော ဝက်ကျိန်းရွာတွင် စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးပေါက်ကွဲ၍ ၄ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 645

နိရဉ္စရာ၊ မေ ၄/၂၀၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဝက်ကျိန်း(မြို)ကျေးရွာတွင် ယမန်နေ့ မေလ ၃ ရက်က စစ်ကျန်ဗုံးသီးဟောင်းတစ်လုံးပေါက်ကွဲ၍ ၄ နှစ်အရွယ်ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ ဝက်ကျိန်းကျေးရွာနေ ဦးမောင်ပို၏သား မောင်ပိုင်ဝေး (၄) နှစ် ဖြစ်သည်။

၎င်းကလေးငယ်သည် ယမန်နေ့ ညနေ ၄ နာရီခန့်က ၎င်း၏အိမ်နှင့်ပေ ၁၀၀ ခန့်ဝေးသည့် တောစပ်အနီးတွင် ဆော့ကစားရာမှ စစ်ကျန်ဗုံးသီးဟောင်းကိုတွေ့၍ အိမ်သို့ကောက်ယူလာခဲ့ပြီး ၎င်း၏အိမ်သို့အရောက် လှေကားထစ်သို့တက်ရာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ဝက်ကျိန်းကျေးရွာသားတစ်ဦးက ပြောသည်။

"အိမ်ကိုရောက်လို့ လှေကားတက်တဲ့အချိန်မှာဖြစ်သွားတာပါ။ အိမ်မှာ အမေလည်း မရှိဘူး။ အဖေလည်း တောင်ယာသွားပါတယ်။ အဲဒီကလေးညီအစ်ကိုသုံးယောက်ပဲရှိတာပါ။ အဲဒီကလေးတွေက အိမ်အောက်မှာထိုင်နေကြလို့ ဘာမှမဖြစ်သွားဘူး။ အဲဒီကလေးကတော့ သေသွားတယ်။ အခုတော့ ကလေးတွေကို တောထဲမသွားဖို့နဲ့ တောနားမှာ သွားမကစားကြဖို့ပြောထားပါတယ်။ ဗုံးသီးတွေက အခြားနေရာတွေမှာလည်း ရှိနေနိုင်ပါသေးတယ်" ဟုပြောသည်။

၎င်းကလေးငယ်ကို ယနေ့ မေလ ၄ ရက်၊ နံနက် ၁၀ နာရီခန့်က ရွာရှိသုသာန်တွင် သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကျန်ဗုံးသီးဟောင်းသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တကျော့ ပြန်တိုက်ပွဲကာလက ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က ကျန်ရှိခဲ့သော စစ်ကျန်လက်နက်ဟောင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်၊ ဝက်ကျိန်းကျေးရွာနှင့် ရန်အောင်ပြင်ကျေးရွာကြား တောင်တန်း၌ ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ဝ ရက်၊ နေ့လယ် ၃ နာရီခန့်တွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။  

ယင်းတိုက်ပွဲထဲမှ လက်နက်ကြီးကျည်ကျ၍ ရန်အောင်ပြင်ကျေးရွာတွင် နေအိမ် နှစ်လုံးမီးလောင် ပျက်စီးသွားခဲ့သည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါလူနေရွာအနီးပတ်ဝန်းကျင်ရှိ စစ်လက်နက်အကြွင်းအကျန်များကို အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အမြန်ဆုံးရှင်းလင်းပေးစေချင်သည်ဟုလည်း ဒေသခံများက ပြောသည်။

ရခိုင်တွင် ယာယီ တိုက်ပွဲရပ်ထားသည့်နောက်ပိုင်းတွင် ပြီးခဲ့သည့်တိုက်ပွဲများဖြစ်ပွားခဲ့စဉ်က ထောင်ထားခဲ့သည့် မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရွာအနီးအနားဝန်းကျင်နှင့် တောတောင်များတွင် ထင်းရှာ၊ ကိုင်းထောင်သွားသည့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၅ ဦးအပါအဝင် သေဆုံးသူ ၇ ဦးနှင့် ဒဏ်ရာရသူ ၁၄ ဦးအထိရှိလာနေကြောင်း သိရသည်။ (NN-8)

 

ဓာတ်ပုံ- Aye Lwin

ဆက်စပ် သတင်းများ