တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာစစ်ဘေးရှောင်စခန်းအနီးတွင် စစ်ပွဲလက်ကျန်ဗုံးသီးကြီးတစ်လုံးတွေ့၊ ကြောက်လန့်၍ ဒေသခံများဟင်းရှာထင်းခုတ်မသွားနိုင်ဘဲဖြစ်နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.2k

သျှင်မင်းဇံ

နိရဉ်စရာ၊ သြဂုတ် ၁၆/၂၀၂၀၁

ကျောက်တော်မြို့နယ် တောင်မင်းကုလားရွာစစ်ဘေးရှောင်စခန်းအနီးတွင် စစ်ပွဲလက်ကျန် အမျိုးအမည်မသိ ဗုံးသီးကြီးတစ်လုံးတွေကရှိရာမှ ဒေသခံများမှာ ကြောက်လန့်၍ ဟင်းရှာထင်းခုတ် မသွားနိုင်ဘဲဖြစ်နေရသည်ဟု သတင်းရရှိသည်။

၎င်းဗုံးသီးမှာ အလွန်ကြီးမားပြီး ၂ ပေ၊ ၃ ပေခန့်ရှည်ကြောင်း၊ လုံးပတ်မှာ ၅ထွာပတ်လောက်ရှိကြောင်း၊ အနီးကပ်သွားမကြည့်ရဲသဖြင့် အရွယ်အစားပမာဏကို သေချာမသိကြောင်း စခန်းက အမျိုးသမီးနှင့် ကလေးတာဝန်ခံ ဒေါ်မအေးခင်းက ပြောသည်။

" အခုတော့ တောတောင်တွေကို ဘယ်သူမှာ ဟင်းရှာ ထင်းခုတ် မသွားကြတော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ကလေးတွေ  ဟင်းရှားသွားတော့ ဗုံးတစ်လုံးတွေလို့ ကြောက်ပြီးတော့ မသွားကြတာပါ။ အဲအနီးက တောင်မှာလည်း မိုင်းတစ်လုံးထပ်တွေ့တယ်လို့ ပြောတယ်။ သွားမကြည့်ကြဘူး။ အဲစစ်နက်လက်တွေကြောင့် လူသေတာတွေကိုလည်း ကြားနေရတော့ မသွားရဲတော့ဘူး။ အဲဗုံးက ဒီအတိုင်းပဲ ရှိနေပါတယ်။ ကျမတို့ သွားနေတဲ့ တောတောင်တွေမှာလည်း ရှိနိုင်တာပေါ့" ဟု ပြောသည်။

မိုးရာသီသည်  မျှစ်၊ သင်္ဘောဥ (ရခိုင်အခေါ်)၊ အခြားဟင်းသီးဟင်းရွက်များမှာ ပေါများဆုံး အချိန် ကာလဖြစ်ပြီး ယခုနှစ်တွင် စျေးကောင်းရသော်လည်း မြေမြုပ် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများအန္တရာယ်ကို စိုးရိမ်၍ ဒေသခံများမှာ ဟင်းခူးဟင်းရှာ မသွားဝံ့ဘဲ ဖြစ်နေကြောင်း ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာက မခင်က ပြောသည်။

" အစ်ကိုတစ်ယောက် မိုင်းထိပြီး ခြေထောက်ပြတ်သွားကတည်းက တောင်ထဲကို ဟင်းရှာဖို့ မသွားတော့ဘူး။ ကျမတို့က တောတောင်ကို မှီခိုပြီး စားသောက်နေကြတာပါ။ ဒါပေမဲ့ နောက်ထပ် အစ်ကိုလိုမျိုး ဖြစ်မှာကို ကြောက်တာပေါ့။ ကိုဗစ်ကာလဆိုတော့ စားရေးသောက်ရေး အဆင်မပြေဘူးလေ။ ရွာအနီးအနားလောက်က မျှစ်တွေ ဘာတွေ ခူးစားကြပါတယ်။ တောထဲတောင်ထဲ မသွားဝံ့ကြဘူး" ဟုပြောသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသည်မှာ (၉)လခန့် ကြာမြင့်နေပြီဖြစ်သဖြင့် တချို့ စစ်ဘေးရှောင်များမှာ ၎င်းတို့ အစီအစဉ်ဖြင့် ၎င်းတို့ နေရပ်ပြန်သွားသူများရှိကြောင်း၊ ရွာပြန်နေကြသူအများစုမှာ တောတောင်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေကြရသဖြင့် တောထဲတောင်ထဲရှိ မြေမြုပ်မိုင်းများနှင့် စစ်ကျန်လက်နက် ပစ္စည်းများကို တာဝန်ရှိ အဖွဲ့အစည်းများက  အမြန်ဆုံးရှင်းလင်း ပေးစေလိုကြောင်း ရခိုင်တိုင်းသား မျိုးနွယ်များ အစည်းအရုံး(REC) ဥက္ကဋ္ဌ ဦးရွှေဖော်စိန်က ပြောသည်။

" မိုင်းအသိပညာပေးခြင်းကို ရခိုင်မြောက်ပိုင်းက မြို့နယ် ၇ ခုလောက်မှာ လုပ်ပေးသွားပြီးဖြစ်ပေမဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့တော့ အသိပညာရသွားဖို့ဆိုတာ နည်းနည်းခဲယမ်းတယ်။ ကိုယ့်အစီအစဉ်နဲ့ စစ်ဘေးရှောင်တချို့လည်း နေရပ်ပြန်သွားကြပါပြီ။ သူတို့ နေရပ်ကို ပြန်ရောက်လည်း တိုက်ပွဲတွေဖြစ်ခဲ့တဲ့ တောတောင်တွေကို မှီခိုစားသောက်ရမှာဖြစ်ပါတယ်။ စစ်ပွဲဖြစ်တဲ့ ဧရိယာတွေ ဖြစ်တဲ့အတွက် တစ်နေ့နေတော့ သူတို့အတွက် ဒီမိုင်းအန္တရယ်က မကြုံလို့ ပြောလိုမရဘူး။ ဒါကြောင့် အတတ်နိုင်ဆုံး ရှင်းလင်းပေးဖို့လိုအပ်နေပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းပေါင်း ၁၃၂ ခုရှိပြီး စခန်းများတွင် စစ်ဘေးရှောင်လူဦးရေ ၆၇၁၈၁ ကျော် ကျန်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏စာရင်းများတွင် ဖော်ပြသည်။

၎င်းတို့ အများစုမှာ မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများအန္တရာယ်ကို စိုးရိမ်၍ မူလနေထိုင်ခဲ့ရာ ကျေးရွာများသို့ မပြန်နိုင်ကြဘဲ စစ်ဘေးရှောင်စခန်းများတွင် စားဝတ်နေရေး အခက်အခဲ အကျပ်အတည်းများနှင့် နေထိုင်နေကြရကြောင်း အရပ်ဖက်အဖွဲ့များက ဆိုသည်။

ဆက်စပ် သတင်းများ