တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေမြို့ထဲ ရေလမ်းအဝင်အထွက် နေရာ ၂ခုတွင် စစ်ကောင်စီတပ်စွဲပြီး လုံခြုံရေးတိုးမြင့်


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၂၇ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

ရခိုင်ပြည်မြို့တော် စစ်တွေမြို့မှ အရေးပါသော ရေလမ်းဝင်ပေါက် နေရာ ၂ခုတွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း တပ်စွဲနေရာယူလိုက်သည်ဟု သတင်းရရှိသည်။

၎င်းနေရာနှစ်ခုမှာ ဆတ်ရိုးကျတံတားအောက်နှင့် စစ်တွေမြို့လယ်ချောင်း၀ ကိုးရီးယားဆိပ်ကမ်း တံတားအနီးတို့တွင် ဖြစ်ကြောင်း ဒေသခံမျက်မြင်များက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ အခု စစ်တွေမှာ လုံခြုံရေးတိုးမြင့်လာပါတယ်။ လက်ရှိ တိုးပြီးတပ်ရင်း ၂ခု နေရာယူလာတာက ဆတ်ရိုးကျတံတားအောက်မှာ တစ်ခုနဲ့ မြို့လယ်ချောင်း၀ကို ဖြတ်ထိုးထားတဲ့  ကိုးရီယားဆိပ်ကမ်း တံတားအနီးမှာ နေရာယူထားပါတယ်။ လမ်းသွားလမ်းလာတွေကို သူတို့ရှေ့ ရောက်ရင် ထထိုင် လုပ်ခိုင်းတာမျိုးလည်း ရှိတယ်လို့ ကြားရပါတယ်” ဟု  စစ်တွေ ဒေသခံ တစ်ဦးက ပြောကြားသည်။

စစ်တွေမြို့တွင် စစ်ကောင်စီက မြို့တွင်း လုံခြုံရေး အင်အားများတိုးချထားသလို စစ်ရေး အင်အားပြမှုများ ရှိနေသည်ဟု စစ်တွေမြို့ခံ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

"မြို့ပေါ် နေရာတော်တော်များများမှာ အရင်ကထက် စစ်သားတွေ တွေ့နေရတယ်။  ဒီလ  ၂၀ ရက်နေ့ကဆို မြို့ပေါ်မှာ တင့်ကား ၂ စီး၊ နောက်ကအပွင့်နဲ့ ဂန်းတွေ သေနတ်တွေ တင်ပြီးသွားတဲ့ကားမျိုး ၄ စီးနဲ့ အပြောင်းအပြန်သွားနေကြတယ်။ မြို့ပတ်ပြီး အင်အားပြနေကြတာ။ ၂၁ ရက်နေ့ကလည်း ကိုရီးယားဆိပ်ကမ်းမှာ ဖမ်းသေးတယ်။ ဘယ်နှစ်ယောက်လဲ ဆိုတာမျိုးတော့ အတိအကျမသိပါဘူး" ဟု ပြောသည်။

ဖမ်းဆီးမှုများကို နေ့စဥ်ဆိုသလို ကြားသိနေရသော်လည်း ဖုန်း နှင့် အင်တာနက်လိုင်းများ ဖြတ်တောက် ထားပြီး လုံခြုံရေးသတိထားနေထိုင်နေကြရသည့် အတွက် အတိအကျကို မသိနိုင်ကြောင်း ၄င်းက ဆက်ပြောသည်။

"ဖမ်းတာတွေ ကြားနေ သိနေရပါတယ်။ ဘယ်ရပ်ကွက်မှာ ဘယ်နေရာတွေမှာ ဖမ်းသွားပြန်ပြီဆိုတာမျိုး ရှိပေမယ့် ဘယ်သူမှ အတိအကျမသိနိုင်တဲ့ အနေအထားပါ။ အသွားအလာတွေလည်း ဆင်ခြင်နေရတော့ အတတ်နိုင်ဆုံး အပြင်သိပ်မထွက်ပါဘူး။ ဖုန်းလိုင်းတွေလည်း ဆက်မရဘူးလေ။ Mytel ကဒ်တချို့ဝယ်သုံးလို့ရပေမယ့် နံပါတ်အသစ်တွေကို တစ်ယောက်နဲ့တစ်ယောက် မသိကြတော့ အခက်အခဲဖြစ်တယ်။ ပြည်နယ်ရုံးနားမှာ လိုင်းရတယ်ဆိုလို့ သွားသုံးကြတာ လူ ၁၀၀ လောက်ရှိတယ်။ ဟိုနေ့ကတော့ လူများလွန်းလို့ စစ်တပ်က သေနတ်ဖောက်ပြီး ခြောက်တာမျိုး ဖမ်းတာမျိုးတွေလည်း ရှိခဲ့ပါသေးတယ်။ ဘယ်နေရာမှာ ဘာဖြစ်နေလဲ ဘာမှ မသိရပါဘူး" ဟု ပြောသည်။

စစ်တွေမြို့တွင် ဖမ်းဆီးခံထားရသူများအား ၃ သိန်းမှ ၁၀ သိန်းအထိ ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးမှုများရှိသည်ဟုလည်း မြို့ခံများက ပြောသည်။

စစ်တွေမြို့၊ အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူးစိုင်းဝင်း ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့ ဇန်နဝါရီ ၂ရက် ညအချိန်၌ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ကာ ဒေသခံများအား ဖမ်းဆီးသွား ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)က သတင်းထုတ်ပြန်သည်။

ယင်းအပြင် ဆိပ်ကမ်းများတွင်လည်း ရှောင်တခင်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ၊ အင်တာနက်လိုင်းများ ပြတ်တောက်ထားသဖြင့် လိုင်းကောင်းသည့်နေရာများသို့ သွားရောက်ကာ အင်တာနက်သုံးစွဲသူများကိုပါ ဖမ်းဆီး နေခြင်း၊ ဖမ်းဆီခံရပါက တဦးလျှင် (၅) သိန်းနှင့် (၁၅)သိန်းအထိ ပေးဆောင်ကြရပြီး ငွေကြေးပေးနိုင်သူများကို နေ့စဉ်ပြန်လွှတ်ပေးကြောင်း ၎င်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိမှာ စစ်တွေမြို့တွင် ဖမ်းဆီးခံထားရသူ အနည်းဆုံး အရပ်သား ၂၀၀ ကျော်ခန့်ရှိနေပြီဟု သိရသည်။

၎င်းပြင် စစ်ကောင်စီသည် ဒုတိယအကြိမ် ရန်ကုန်က နောက်ထပ် ကုန်သင်္ဘောတစ်စီးဖြင့် စစ်တွေသို့ စစ်အသုံးအဆောင်ပစ္စည်းများ ပို့ဆောင်ရန် စီစဉ်နေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ပြည်သူပိုင် ကုန်ပစ္စည်းတွေကို ပို့ဆောင်တယ်လို့ နာမည်ခံပြီး လူသုံး ကုန်ပစ္စည်းတွေနဲ့ စစ်ပစ္စည်းတွေကို အတူ ရောနှောပို့ဆောင်တယ်လို့ ကြားရပါတယ်။ အခုမကြာခင်မှာ ဒုတိယအကြိမ် ပို့မယ်လို့ သိရပါတယ်။ ပထမ တစ်ကြိမ်ပို့တုန်းကလည်း ပြည်သူပိုင်ကုန်ပစ္စည်းတွေကို ပို့တယ်လို့ ခေါင်းစဉ် တပ်ထားပေမယ့် လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ ပါတယ်လို့ သတင်းထွက်ပါတယ်။ အတိအကျကတော့ သင်္ဘောစီစဉ်တဲ့သူတွေနဲ့ စစ်ကောင်စီဘဲ သိပါလိမ့်မယ်” ဟု ပြောကြားသည်။ 

နိရဉ္စရာ သတင်းဌာနအနေဖြင့် စစ်ကောင်စီက ကုန်တင်သင်္ဘောဖြင့် စစ်လက်နက် အသုံးအဆောင် ပစ္စည်းများကို လူသုံးကုန်ပစ္စည်းများကို ရောနှောပို့ဆောင်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သက်ဆိုင်သူများကို ဆက်သွယ်မေးမြန်း၍ မရသဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် လက်ရှိအချိန်ထိ မြို့ပြင်နေရာများသို့ ကုန်လမ်း၊ ရေလမ်းမှ ဝင်ထွက် သွားလာခွင့်ကို စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားပြီး လေကြောင်း တစ်ခုတည်းကိုသာ ဝင်ထွက်သွားလာခွင့်ပြုထားသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေသော ပြည်သူများအနေဖြင့် လေယာဉ်များဖြင့် ရန်ကုန်သို့ ဦးတည် ထွက်ခွာမှုများနေကြောင်း သတင်းရရှိသည်။ (  NN-7)

ပုံစာ- စစ်တွေလမ်းမပေါ် လှည့်လည်နေသည့် တင့်ကားတစ်စီး (ပုံဟောင်း)

ဆက်စပ် သတင်းများ