- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၉/ ၂ဝ၁၉
ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသူ မြို့နယ် ၆ ခုက သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၆ ဦးကို ယနေ့ စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
၎င်း၂၆ ဦးအထဲတွင် မြောက်ဦးမြို့နယ် ၁၆ ဦးပါဝင်ပြီး ၎င်းတို့မှာ မြိုချောင်းကျေးရွာမှ ၂ ဦး၊ ကျောင်းတောင်ကျေးရွာမှ ၆ ဦး၊ ချောင်းသစ်ကျေးရွာမှ ၁ ဦး၊ အောက်သားကန်ကျေးရွာမှ၅ ဦး၊ မြောက်ဦးမြို့ အောင်မင်္ဂလာ ရပ်ကွက်မှ ၂ ဦးတို့ဖြစ်ကြပြီး မြောက်ဦးမြို့နှင့် ပုဏ္ဏားကျွန်းမြို့မှ လူဝတ်လဲခံထားရသည့် ရဟန်းတော်နှစ်ပါးတို့လည်း ပါဝင်ကြောင်း သိရသည်။
ယနေ့ရုံးထုတ်ရာတွင် တစ်ခြားပါဝင်သူများမှာ စစ်တွေမြို့ရှိ စံပြရပ်ကွက်မှ ၁ ဦး၊ စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာမှ ၁ ဦး၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာမှ ၁ ဦး၊ ပန်းမြောင်းကျေးရွာမှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာမှ ၁ ဦး၊ ပေါက်တောမြို့မှ ၁ ဦး၊ ရသေ့တောင်မြို့မှ ၁ ဦး၊
“ဒီနေ့ အမှုအခြေနေက အမှုတည်ဆောက်တယ်လို့တော့ ကြားပါတယ်။ ကျန်တာဘာမှ မထူးခြားပါဘူး။ အရင်ရုံးချိန်းတွေကလည်း သူတို့ကို စစ်ဆေးသေးတာ မဟုတ်ဘူး။ ကျွန်မတို့က ကြက်မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတာပါ။ အခုလို အေအေနဲ့ ဆက်နွယ်တယ် ဆိုပြီး ဖမ်းထားတော့ ကျွန်မကလည်း ကိုယ်ဝန်ရင့်မာကြီးနဲ့ ခဏ ခဏလာနေရတော့ အဆင်မပြေပါဘူး”ဟု မြောက်ဦးမြို့နယ် ေ ကျာင်းတောင်ကျေးရွာမှ ဖမ်းဆီး ခံထားရသူ ဦးသိန်းထွန်းလှ၏ အမျိုးသမီးဖြစ်သူ မခင်လေးနွယ်က ပြောသည်။
မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ၆ ဦး၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ ၂ ဦး၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာမှ ၁ ဦး၊ စစ်တွေမြို့ စံပြရပ်ကွက်မှ ၁ ဦးနှင့် စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာမှ ၁ ဦးတို့အား မတ်လ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခု ရုံးချိန်းမှာ ၁၂ ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်ကတော့ သံဃာတော်နှစ်ပါးရယ်၊ ရသေ့တောင်ကတစ်ယောက်ရယ်၊ ပုဏ္ဏားကျွန်းက တစ်ယောက်နဲ့ ပေါက်တောက တစ်ယောက် ၊ စုစုပေါင်း အမှု ၅ ခု ကို ပါဝင်ကူညီပေးနေတာပါ။ အမှုကို စစစ်ဖို့ရက်ကတော့ ချိန်းထားလိုက်ပါပြီ။ ကျွန်တော်ကတော့ ဒီအမှုရဲ့ အားနည်းချက်၊ အားသာချက်တွေ အကုန်ကြည့်ထားပါတယ်။ အမှုနဲ့ပတ်သက်ပြီးတော့ မျှော်မှန်းမယ်ဆိုတာက အခုက ပြောလို့ မရသေးပါဘူး”ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ပြောသည်။
သံဃာတော် နှစ်ပါးအပါအဝင် ယနေ့ ရုံးထုတ်ယမန်ယူခဲ့သူများမှာ ရခိုင်ပြည်နယ်အတွင်း AA နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများဖြစ်ကြောင်း သိရသည်။
ယခုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူများကို အကြမ်းဖက်အက်ဥပဒေပုဒ်မ ၅ဝ (က) အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ နှင့် လက်နက်အက်ဥပဒေပုဒ်မစသည်တို့ဖြင့် သက်ဆိုင်ရာ ဥပဒေပုဒ်မအလိုက် တရားစွဲဆိုထားသည်ဟု သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသူ ၁ဝဝ ကျော်ထိရှိနေပြီဖြစ်ကြောင်း သိရသည်။