- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ဆောင်းဇာခြည်
နိရဥ္စရာ၊ သြဂုတ် ၂၆/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ လက်နက်ကြီး ကျည်ကျ၍ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သူ မဖြူနှင်းစိုး(၂၆) နှစ် အား စစ်တွေဆေးရုံတွင် ယနေ့ နေ့လယ်၂ နာရီခန့်က အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့သည်ဟု သတင်းရရှိသည်။
မဖြူနှင်းစိုး၏ မိသားစုဝင်တစ်ဦးဖြစ်သည့် မချိုချိုဆန်းက “အခု သတိတော့ ရပါပြီ။ ကိုယ်တော့ ပူနေလို့ ဆေးတိုက်ထားပါတယ်။ ကျည်စက လက်တစ်ဆစ်လောက်ရှိပါတယ်။ ခွဲစိတ်ပြီး ထုတ်ယူ နိုင်ခဲ့ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ကျည်ထိ လူနာများအား ကူညီဆောင်ရွက်ပေးနေသည့် စစ်တွေမြို့ခံ ဦးသန်းထွန်းက “ခွဲစိတ်မှုက အောင်မြင်ပါတယ်။ ဒဏ်ရာက လက်မောင်းမှာ ရသွားတာပါ။ မိုင်းစ ဝင်သွားတာပါ။ ခွဲစိတ်တော့ မိုင်းစတစ်ခု ထွက်ပါတယ်”ဟု ပြောသည်။
မဖြူနှင်းစိုးသည် မြောက်ဦးဆေးရုံတွင် ဆေးကုသနေရသူ ဒေါ်ဦးကြိုင်၏ သမီးဖြစ်ကြောင်း သိရသည်။
“ သူမရဲ့ အမေ ဒေါ်ဦးကြိုင်လည်း ကျည်ထိလို့ ဒဏ်ရာရတဲ့ အထဲမှာ ပါပါတယ်။ ဒေါ်ဦးကြိုင်ကိုလည်း မြောက်ဦးဆေးရုံမှာ ခွဲစိတ်ထားပါတယ်။ ဒါပေမယ့် သိပ်တော့နေမကောင်းသေးပါဘူး”ဟု ပြောသည်။
သြဂုတ်လ ၂၄ ရက်နေ့က ပန်းမြောင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲသွားသဖြင့် ၁ဝတန်းကျောင်းသူ မညိုညိုဝင်း၊ မောင်အောင်ဇင်ဖြိုး (၆) နှစ်နှင့် မောင်မင်းထက်ကျော် (၉) နှစ်တို့မှာ သေဆုံးသွားခဲ့သည်။
ဒဏ်ရာရရှိခဲ့သူများမှာ မဖြူနှင်းစိုး (၂၆)နှစ် ၊ ဒေါ်ဦးကြိုင် (၆၄)နှစ်၊ ဒေါ်ချိုချို (၂၉) နှစ် နှင့် ဒေါ်အေးလှရွှေတို့ဖြစ်ကြပြီး မြောက်ဦးနှင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သူ ဒေါ်ချိုချိုမှာ သေဆုံးသွားခဲ့သူ မောင်မင်းထက်ကျော်၏ မိခင်ဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ- ဆရာဦးသန်းထွန်း)