- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ သြဂုတ် ၃၁/ ၂ဝ၁၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာမှ လယ်သမား တစ်ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ခန့် ရှိနေပြီ ဖြစ်သဖြင့် မိသားစုများက အထူး စိုးရိမ်နေကြသည်ဟု မိသားစုများက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။
ပျောက်ဆုံးနေသူမှာ ပန်းမြောင်းအုပ်စု ငှက်တော်ရရပ်ကွက်မှ ဦးအောင်သာမောင် (၆၅) နှစ်(ဘ) ဦထွန်းအောင်ကျော် ဖြစ်ကြောင်း သိရသည်။
ညီဖြစ်သူ ဦးလှထွီးမောင်က “ ကျွန်တော်အစ်ကို သြဂုတ်၂၉ ရက်နေ့ နံနက် ထမင်းစားပြီးတော့ နံနက် ၁ဝ နာရီလောက်မှာ ငှက်တော်ရ ရွာဟောင်းမှာ ရှိတဲ့ သူ့လယ်ထဲကို ဆင်းသွားပါတယ်။ နေ့လယ် ၁၂ နာရီထိ ဖုန်းရပါတယ်။ ၁ နာရီလောက်မှာ ဆက်သွယ်တော့ ဖုန်း ပြောလို့ မရတော့ဘူး။ အခု ပျောက်နေတာ သုံးရက်ရှိနေပါပြီ။ မိသားစုတွေ အရမ်းစိုးရိမ်နေကြပါတယ်” ဟု ပြောကြားသည်။
ပျောက်ဆုံးနေသူ ဦးအောင်သာမောင်၏ ဇနီး ဒေါ်မေနုစိန်နှင့် သူ၏ ညီမ ဖြစ်သူတို့သည် ပန်းမြောင်းအုပ်စု အောင်မင်္ဂလာတောင်ပေါ်တွင် စခန်းချနေသည့် တပ်သို့သွားရောက်ပြီး သြဂုတ် ၃ဝ ရက်နေ့က အကျိုးအကြောင်းမေးရန် သွားရောက်ခဲ့သည်ဟု သိရသည်။
“ ဆက်သွယ်လို့ မရဘူး။ စစ်တပ်က ခေါ်သွားတယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီပတ်ဝန်းကျင်မှာ စစ်တပ် ရှိပါတယ်။ ဒီအတွက် မိသားစု သွားပြောပါတယ်။ ပန်းမြောင်း အောင်မင်္ဂလာ တောင်မှာ သူတို့ ဗျူဟာချပြီး ရှိပါတယ်။ ဗိုလ်ကြီးကို ကျွန်တော်အစ်မနဲ့ ကျွန်တော်မရီးတို့ သွားပြောပါတယ်။ သူတို့က မကြောင့်ကြနဲ့ ဆက်သွယ်ပေးမယ်လို့တော့ ပြောလိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ မရီးတို့ကို လက်မှတ် တစ်ရွက်ပေးမယ်။ သွားရှာ ဝံ့မလားလို့ မေးပါတယ်တဲ့။ ကျွန်တော် အစ်မ၊ မရီးက ဘယ်လို သွားရှာဝံ့ပါမလဲ။ ဒီလောက် ခေတ်ကာလ မကောင်းတာမှာ၊ အဲဒီ နေရာမှာတော့ တပ်မတော် စစ်ကြောင်းတွေရှိပါတယ်။ သူတို့လည်း ကြောက်ပြီး မသွားရဲဘူး။ ဖုန်းတွေ ဘာတွေနဲ့ နည်းနည်းဆက်သွယ် မေးကြည့်ဖို့ ဗိုလ်ကြီးကို မေတ္တာရပ်ခံခဲ့တယ်လို့ ပြောပါတယ်” ဟု ဦးလှထွီးမောင်က ပြောကြားသည်။
ဦးအောင်သာမောင်တွင် ဇနီး မေနုစိန်၊ သား ၃ ဦး၊ သမီး တစ်ဦရှိပြီး ၎င်းတို့မှာ ၎င်းအတွက် အလွန်စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။
(ဓာတ်ပုံ- ရွာကို စွန့်ခွာထွက်ပြေးနေကြသော ပန်းမြောင်းရွာသူ ရွာသားများကို တွေ့ရစဉ်/ Photo by Ko Hla Htay)