တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျေးရွာသား ၈ဦးဒဏ်ရာရ၊ စျေးဆိုင်များမှ ရွှေထည်နှင့်ပစ္စည်းများယူဆောင်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.9k

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာအနီး ပစ်ခတ်မှု ဖြစ်စဉ်တွင် ကျေးရွာသား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ထဲမှ ရွှေထည်များနှင့် ပစ္စည်းများ ယူဆောင်ခံခဲ့ရသည်ဟု ကျေးရွာသားများက ပြောကြားသည်။

ရွှေဂရုဏာလူမှုရေး အသင်း ဥက္ကဋ္ဌမှ “ ကျွန်တော်တို့ ကျောက်တော် မြို့နယ် ဆေးရုံကို ပို့တာ စုစုပေါင်း ၈ ဦးပါ။ သရက်တစ်ပင်ရွာက ၂ ဦး၊ ရဘက်က ၂ ဦး၊ ရွှေတလှည်းက ၂ ဦးနဲ့ ကျောက်တစ်လုံးက ၂ ဦးပါ။ အခုအကုန်လုံးဆေးရုံကို ရောက်နေပါပြီ” ဟု ပြောကြားသည်။

ယနေ့မွန်းလွဲ ၂ နာရီ အချိန်က လက်နက်ကြီး လက်နက်ငယ်များနှင့် ပစ်ခတ်မှုဖြစ်စဉ်တွင် ကျေးရွာသားများ  ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ၎င်းဒဏ်ရာရရှိသွားသူများမှာ သရက်တပင်ကျေးရွာမှ ဦးမောင်သန်းမျှ (၅၉)နှစ်နှင့် ဒေါ်မညွှန့် (၄၁)နှစ်၊ ရွှေတလှည်းကျေးရွာမှ ဦးသန်းဝေ (၃ဝ)နှစ်နှင့် မောင်မောင်စိုး(၁၆)နှစ်၊ ရဘက်ကျေးရွာမှ အသက်ကြီး အမျိုးသမီးကြီး တစ်ဦးနှင့် မခိုင်သဇင်ငြိမ်း (၃)နှစ်၊ ကျောက်တလုံး ကျေးရွာမှ မောင်စံသိန်း(၅ဝ)နှစ်နှင့် မောင်မျိုးကိုသန်း(၁၈)နှစ် တို့ဖြစ်ကြောင်း သိရသည်။
 
လက်နက်ကြီး ကျည်စထိမှန်ခဲ့သည့် ကိုသန်းဝေက“ရွာထဲက ကျနော်တို့ အိမ်နားမှာ လက်နက်ကြီး ကျပြီးပေါက်ကွဲတာပါ။ ပေါက်ကွဲတဲ့ အချိန်မှာ ကျနော်နဲ့ ကျနော့်ညီလေးကို လာထိတာပါ။ ဒဏ်ရာများလား၊ မများလားဆိုတာကို ကျနော့်ဟာ ကျနော်ပြန်ကြည့်လို့မရဘူး နာနေလို့ပါ။ ညာဘက်ဒူးက ချော်ထွက်ပြီး ဘယ်ဘက်ခြေသလုံး အထက်ကို လာထိပါတယ်။  ကျနော့်ညီလေးမှာ ညာဘက် နံကိုင်းကို ထိသွားပါတယ်” ဟု ပြောသည်။

သရက်တပင်လမ်းမကြီးဘက်မှနေ၍ စစ်တပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်နှင့် ဝါးတစ်ပြန်ခန့် အကွာအဝေးတွင်း ကျရောက်ပေါက်ကွဲကာ ထိုသို့ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း၊ အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ဘဲ စစ်တပ်ဘက်မှ ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒဏ်ရာ ရရှိသွားသူ တစ်ဦးကပြောသည်။

ဆက်လက်ပြီးကျောက်တစ်လုံးကျေးရွာသားတစ်ဦးကလည်း “တိုက်ပွဲဖြစ်တာ မဟုတ်ပါ။ သရီချောင်းတံတာဦးကနေပြီး ကျနော်တို့ ရွာဘက်ကို ပစ်တာပါ။ ပစ်တဲ့အချိန်မှာ လက်နက်ကြီးကျည်စ ကျနော့် ညီနဲ့ ရွာက နောက်တစ်ယောက်ကို လာထိတာပါ။ အချက်ပေါင်းများစွာ ပစ်တယ်။ ရေတွက်လို့တောင်မရဘူး။ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်တာ။ အခုလည်း ကျနော်တို့ ကျောက်တလုံးကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံ ၂ လုံး ရှိနေသေးတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသွားသူများအား ရွှေဂရုဏာ လူမှုရေးအသင်း၊  ဖြူစင်မေတ္တာ ပရဟိတ အသင်းကားဖြင့် ကျောက်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း၊ ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း သရက်တပင်ကျေးရွာရှိ မဟာနွယ် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူ ၄ ဦးလည်း ကြောက်လန့်ပြီး သတိလစ်သွားခဲ့ကြောင်း ထိုကျောင်းမှတာဝန်ရှိသူတစ်ဦး ပြောပြချက်အရ သိရသည်။

သရက်တစ်ပင်ကျေးရွာမှ ကားလမ်းဘေးတွင် ကုန်စုံဆိုင်ရောင်းနေသူ ဒေါ်ခင်သန်းက “ စစ်သား နှစ်ယောက်ဘဲ မြင်လိုက်ပါတယ်။ စျေးဆိုင်နားမှာ၊ ဟိုက လက်နက်ကြီးပစ်လို့ ကျွန်မတို့လည်း ကြောက်ပြီး ပြေးတော့ ဆိုင်ကို ဒီအတိုင်းဖွင့်ထားခဲ့ရတော့ သူတို့ ဆိုင်ပေါ်တက်ပြီး ယူသွားပါတယ်။ ကျွန်မတို့ သူတို့ယူတာကို အိမ်ထဲက အကုန်လုံးမြင်ရပါတယ်။ သေနတ်ပစ်နေတော့ ကျွန်မတို့လည်း ထွက်မလိုက်ရဲဘူး။ ကျွန်မတို့ ဆီက ရွှေ ၄ ကျပ်နဲ့ ငွေသိန်း ၄ဝ ပါသွားပါတယ်။ ပစ္စည်းတွေက အကုန်လုံးပါသွားပါတယ်။ အချိုဗူးတွေ၊ ဘီယာတွေ၊ အကုန်လုံးပါသွားပါတယ်” ဟု ပြောကြားသည်။

မည်သည့်အတွက်ကြောင့် ရွှေများနှင့် ငွေများကို ဆိုင်တွင် သိမ်းထားရပါသလဲဟု မေးမြန်းရာ ဒေါ်ခင်သန်းက “ ကျွန်မတို့အိမ်နဲ့ ဆိုင်က တစ်ဆက်တည်းပါ။ ကျွန်မတို့က သားမိနှစ်ယောက်တည်းပါ။ အိမ်မှာ လူမရှိတော့ စျေးဆိုင်ထဲကို ယူလာပြီး သိမ်ထားတာပါ။ အိမ်ကို အိပ်ဖို့သွားရင် အိမ်ကိုယူလာတယ်။ ဆိုင်ကို သွားရင် ဆိုင်ကို ယူသွားတယ်။ ဒီလို ထားတာပါ။ သူတို့က ဆိုင်နားက လာပစ်တော့ အဲဒီပစ္စည်းတွေကို ယူဖို့ မရခဲ့ဘူး” ဟု ပြောကြားသည်။

၎င်းပြင် ဖုန်းဆိုင်များမှ ဖုန်းများကိုလည်း ယူဆောင်သွားကြောင်း၊ အနည်းဆုံး ဆိုင် ၅ ဆိုင်မှ ယူဆောင်ခံရ ကြောင်း၊ သူမတို့အိမ်မှ ပစ္စည်းများ ယူဆောင်သွားကြောင်းကို မနက်ဖြန် ကျောက်တော်သို့ သွားရောက်ပြီး တိုင်ကြားမည်ဟု  ၎င်းက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောရေး ဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းကဲ့သို့ယူဆောင်ခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောကြားသည်။

“ တိုက်ပွဲက ရွာပြင်မှာ ဖြစ်တာပါ။ သရက်တစ်ပင်ရွာထဲမှာ မဟုတ်ပါဘူး။ ဘယ်လိုလုပ် ယူလို့ရမှာလဲ။ အဲဒါကတော့ မဖြစ်နိုင်ဘူး။ ဒီလို ပစ်ခတ်မှု ဖြစ်နေချိန်မှာ ယူဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒီကိစ္စ သတင်းမရသေးပါ” ဟု ပြောကြားသည်။

ဒဏ်ရာရရှိသွားသူများမှာ စစ်တပ်မှ ပစ်ခတ်စဉ် ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း ရွာသားများ ပြောဆိုမှု အပေါ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက
“ကျနော်တို့ဒီနေ့ စစ်ကြောင်းတစ်ကြောင်းက အုပ်ချုပ်မှုကိစ္စ လုပ်တာပေါ့နော်။ အုပ်ချုပ်မှုလုပ်တဲ့ စစ်ကြောင်းတစ်ကြာင်းကို သရက်တပင်ရွာအဝင်မှာ တံတား ရှိတယ်။ အဲ့ရွာဝင်ကနေပြီးတော့ အုပ်ချုပ်မှုကိစ္စလုပ်တဲ့ စစ်ကြောင်းတစ်ကြောင်းကို မိုင်း၂ လုံးနဲ့စခွဲတယ်။ သရက်တပင်ရွာအဝင်မှာ သံတံတားဆိုတဲ့ တံတားရှိတယ်။ အဲ့ဒီနေရာမှာ မိုင်း၂ လုံးခွဲတယ်။ ခွဲပြီးတော့မှ သရက်တပင်ရွာထိပ်ကနေပြီးတော့ ခိုပြီးတော့ ကျနော်တို့ကို အရင်ပစ်တယ်။ အဲ့လိုပစ်တဲ့ အတွက်ကြောင့် မို့လို့ သူတို့ကပစ်လို့ ကျနော်တို့ကမပစ်ရင် ကျနော်ခဏခဏ ပြောနေတယ်။ ကျနော်တို့စစ်သည်တွေ ထိခိုက်ဒဏ်ရာ ရသွားမှာပေါ့။ သတ္တိရှိလို့ရှိရင် အပြင်ရောက်မှချပါလား။ ဘာဖြစ်လို့ သရက်တပင် ရွာထိပ်ကစောင့်ချတာလဲ။ သူတို့က သတင်းအတိအကျ ရထားလို့ ချတာ။ ဘာဖြစ်လို့ဒီလိုလုပ်တာလဲ။ ကျနော်တို့တပ်က တဖက်စောင်းနင်း ဖြစ်ပြီးတော့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိပစ်ပါတယ်။ ဘာတွေလာတော့မယ်အခု။ ဘာမှ ရည်ရွယ်ချက်ရှိရှိမဟုတ် ကိုယ့်ကိုပြန်ပစ်တဲ့နေရာကို ကျနော်တို့က ပြန်ပစ်မှာဘဲ။ ကျနော်တို့ကို ပစ်တဲ့ ကျည်လာတဲ့ လမ်းကြောင်းနေရာကို ပြန်ပစ်မှာဘဲ။ ပြီးရင် အဲ့ဒါသည် ပြည်ထောင်စု လမ်းကြီးရဲ့ ဘေးမှာရှိတာ အဲ့သရက်တပင်ရွာ အများပြည်သူသွားနေတဲ့လမ်းနားမှာ  ဘာလို့ဒီလိုလုပ်တာလဲ။ အများပြည်သူအလကား မသွားရဲအောင် မလာရဲအောင် ကြောက်သွားအောင် ဒီလိုတမင်ရည်ရွယ်ချက်ရှိရှိလုပ်တာအဲ့ဒါ။ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်ကြီးက ဘယ်လိုမှ အေးချမ်းစရာအကြောင်းလည်း ရှိမှာမဟုတ်ဘူး။ ဒီထက် စစ်နွံနစ်ပြီးတော့မှ လူနေမှု လူမှုစီးပွား ဘဝနိမ့်ကျဖို့ဘဲရှိတယ်” ဟု တုန့်ပြန် ပြောဆိုသည်။

ဆက်စပ် သတင်းများ