တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပစ္စည်းလုယက်ယူဆောင်ခံခဲ့ရသည့် သရက်တပင်ရွာမှ စျေးဆိုင်ပိုင်ရှင်များ ကျောက်တော်ရဲစခန်းတွင် သွားရောက်တိုင်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 730

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ရွှေထည်၊ ငွေသား၊ ဖုန်းများနှင့် တခြား ပစ္စည်းများ လုယက် ယူဆောင်ခံခဲ့ရသည့် စျေးဆိုင်ပိုင်ရှင်များက ယနေ့တွင် ကျောက်တော် မြို့မရဲစခန်းတွင် သွားရောက် တိုင်ကြား ခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂နာရီခန့်အချိန်က ပစ်ခတ်မှုဖြစ်စဉ် အတွင်း စစ်သားများမှ ဆိုင်အတွင်းဝင်ရောက်ပြီး ရွှေ၊ ငွေ၊ လက်ကိုင်ဖုန်း၊ အချိုရည်၊ ဘီယာဗူး၊ မုန့် ၊ ဆေးလိပ်ဗူး၊ စားကုန်ပစ္စည်းများအားယူဆောင် သွားခဲ့သဖြင့် ကုန်စုံဆိုင် ပိုင်ရှင် ၁ဝ ဦးက ယနေ့ ကျောက်တော် မြို့မ ရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုင်ပိုင်ရှင် တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျမမှာ ရွှေ ၄ ကျပ်နဲ့ သုံးဘီတစ်စီးရောင်းထားတဲ့ ငွေသိန်း ၄ဝ ပါသွားတယ်။ သူတို့က သေနတ်တွေနဲ့ ပစ်လို့ ဆိုင်နားကိုလာတဲ့ အချိန် ကျမတို့က ထွက်ပြေးတာ။ ပြေးတဲ့အချိန်မှာ ဆိုင်ထဲဝင်ပြီး ယူတာ မြင်နေရပါတယ်။ သူတို့ယူနေတဲ့အချိန် ကျမတို့နဲ့ သူတို့နဲ့ ဝါးနှစ်ပြန်လောက်ဘဲရှိတာ။ အိမ်နဲ့ ဆိုင်နဲ့က နီးနီးလေးပါ။ ပါသွားတဲ့ ပစ္စည်းတွေကို ပြန်လိုချင်ပါတယ် ”  ဒေါ်ခင်သန်းက ပြောသည်။

ထိုသို့ တိုင်ကြားရာတွင်  ဆိုင်ပိုင်ရှင်အမည်၊ ပါသွားသည့် ပစ္စည်း အမည်နှင့် အရေအတွက် ၊ ပါသွားသည့် ငွေပမာဏအား စာရင်းလုပ်ပြီး တိုင်ကြားလွှာဖောင်တွင် ဖြည့်ကာ သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပစ္စည်းပါသွားသူများမှာ ဒေါ်မခင်သန်း(ရွှေ ၄ကျပ်၊ ငွေသိန်း၄ဝ)၊ ဦးနိုင်မင်းစိုး (ဖုန်း ၇လုံး ပါဝါဘမ်း ၃လုံး)၊ ဦးခိုင်ဝင်း(ဖုန်း ၄လုံး)၊ ဒေါ်အေးသန်းယဉ် (ငွေ ၆သောင်းကျော်)၊ ဒေါ်ယဉ်နု(ဖုန်း ၃လုံး၊ မီးပူ နှစ်လုံး ငွေ ၉သိန်း ၄သောင်း ၃ထောင်၊)၊ ဒေါ်လှရီ(ဖုန်း ၁လုံး ဆိုင်ပစ္စည်း တသိန်းခွဲဖိုး)၊ ဒေါ်စိုးစိုး( ငွေ ၄သောင်း ကော်ဖီထုတ် ၁ဝဝကျော် အရက် ၇ထောင်ဖိုး ကိုယ်တိုင် ဝယ်ပေးလိုက်ရ ၊ ဦးစောမောင်သိန်း(ဖုန်း ၂လုံး)၊ ဦးမောင်သာဇံ(တီဗွီတစ်လုံး ပျက်စီးသွား)၊ ဦးသာထွန်းကျော် (နေအိမ်ပေါ်တက်မွှေခံရ ဆုံးရှုံးမှုတစ်ချို့ရှိ) တို့ဖြစ်ကြောင်း သိရသည်။

ဆိုင်အတွင်းမှ ပစ္စည်းများယူဆောင်သွားသည့် အပြင် နေအိမ်  အချို့ကိုလည်းတက်ရောက်ရှာဖွေခံခဲ့ရကြောင်း  သရက်တပင် ကျေးရွာသား တစ်ဦးက ပြောဆိုသည်။

သရက်တပင်ကျေးရွာသားတစ်ဦးက  “ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ့်မှာပါသွားတဲ့ ပစ္စည်းကိုယ်ပြန်လိုချင်တယ်။ နောက်ထပ် ဒီလို အဖြစ်အပျက်မျိုး မဖြစ်စေချင်ဘူး။ နောက်ထပ်ကျေးရွာအတွင်း ပစ်ခတ်မှု မဖြစ်စေချင်ဘူး။ ရွာသားတွေကလည်း အထိတ်တလန့် ဖြစ်ကြရတယ်။ ကိုယ့်စီးပွားရေး ကိုယ့်အလုပ်ကိုကိုယ် အေးအေးလူလူ လုပ်စားလို့မရဘူး” ဟုပြောသည်။

နောက်ထပ်မဖြစ်စေချင်သည့် အတွက်သော်လည်းကောင်း၊ ဒေသခံ ကျေးရွာသားများ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နိုင်ရေး အတွက်သော်လည်ကောင်း၊ ကျောက်တော်မြို့မရဲစခန်းတွင် သွားရောက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင် ဆိုင်ပိုင်ရှင်များက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍  ကျောက်တော်မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့သဖြင့် အသေးစိတ်အား တင်ပြ ပေးနိုင်ခြင်းမရှိသေးပါ။

စစ်တပ်မှ ပစ်ခတ်မှုဖြစ်စဉ်တွင် ဆိုင်အတွင်း သို့ ဝင်ရောက်ကာ စစ်သား တစ်ချို့မှ ပစ္စည်းများ ယူဆောင်သွားသည်ဟု ပိုင်ရှင်များက ပြောဆိုသည့် သဖြင့်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနအနေဖြင့် ယမန်နေ့က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းမှာ မဖြစ်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်နေစဉ် ယူဆောင်ရန် မဖြစ်နိုင်ကြောင်း  ပြန်လည်တုန့်ပြန် ပြောကြားသွားသည်။


ဆက်စပ် သတင်းများ