တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ မြိုအမျိုးသားတစ်ဦး ကျည်ဆံထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.6k

ချစ်အိလှိုင်
နိရဥ္စရာ၊စက်တင်ဘာ ၁၅ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကံသုံးဆင့်ကျေးရွာမှ မြိုအမျိုးသား တစ်ဦး ယနေ့နံနက်က ပစ်ခတ်မှု ဖြစ်စဉ် အတွင်း သေနတ်ကျည်ထိမှန်၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။

ကံသုံးဆင့်ကျေးရွာ၏ အရှေ့ဘက် တောင်တန်းပေါ်တွင် ယနေ့နံနက် အစောကြီး ညဉ့်အချိန် တစ်နာရီခွဲခန့်တွင် သေနတ်ပစ်ခတ်သံများကြားရပြီးနောက် ကံသုံးဆင့် ကျေးရွာမှ ၄င်း၏ နေအိမ်တွင် အိပ်နေသူ ဦးစိန်ထွန်း(၇၈)နှစ်၏ ခြေသလုံးကို  သေနတ်ကျည်ဆံထိမှန်ခဲ့သည်ဟု သေဆုံးသူ ဦးစိန်ထွန်း၏ သားဖြစ်သူ ကိုမောင်တင်အောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

 “ကျနော်တို့ အိပ်ပျော်နေစဉ်မှာ သေနတ်သံတွေကြားရပြီး ကျနော်အဖေအိပ်နေတဲ့ နေရာကို သေနတ်ကျည်ကျေ ရာက်ထိမှန်တာပါ။ ခြေသလုံးမှာထိပါတယ်။ ကျနော်တို့ ကျောက်တော်ဆေးရုံကိုတင်ဖို့သွားတဲ့လမ်းမှာ ကန်စောက်ရဲစခန်းနားမှာပဲ သွေးထွက်များပြီး သေဆုံးသွားတာပါ”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၄င်းကံသုံးဆင့်ကျေးရွာမှာ မြိုတိုင်းရင်းသားများနေထိုင်သောကျေးရွာဖြစ်ပြီး ကျောက်တော်မြို့နယ် ကန်စောက်တောင် အနီးတွင်ရှိကြောင်းသိရသည်။

အဆိုပါကျေးရွာမှ  ကျေးရွာသားတစ်ဦးဖြစ်သူ ဦးကျော်လှိုင်က “ ကျနော်တို့ရွာမှာ တိုက်ပွဲဖြစ်တာ မဟုတ်ပါဘူး။ သေနတ်သံတွေက ရွာအရှေ့ဘက် တောင်တန်း တွေကနေ ကြားရတာပါ။ ဒီသေနတ်ကျည်က ဘယ်လိုဖြစ်လို့ဘယ်က လာပစ်မှန်းလည်း မသိဘူးဗျ။ ဦးစိန်ထွနးကို လာထိတယ်။ သေတဲ့သူကသေသွာရပြီ” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်တော်မြို့နယ် ကန်စောက်တောင် အနီးတွင် မြိုတိုင်းရင်းသား ကျေးရွာ ၈ ရွာခန့်ရှိပြီး ယခုကဲ့သို့ သေနတ် ပစ်ခတ်သံ များကြားနေရပြီး လူသေဆုံးရသဖြင့် ကြောက်လန့် စိုးရိမ်နေကြသည်ဟု ၎င်းတို့က ပြောသည်။

အလားတူ တစ်ချိန်တညး်မှာပင် ကျောက်တော်မြို့နယ် ကုလားတန်မြစ် အတွင်းတွင်လည်း ယနေ့နံနက် အစောကြီး ညဉ့်အချိန် တစ်နာရီခန့်က  ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး  သင်္ဂနက်ရွာနှင့် စံပယ်လှကျေးရွာတို့မှ အရပ်သား ၅ ဦးဒဏ်ရာ ရရှိခဲ့ပြီး လေးဦးမှာ ကျောက်တော်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေသည်။

၎င်းလေးဦးထဲမှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေ ဆေးရုံသို့  ယူဆောင်လာရသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ