တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျည်ထိမှန်၍ ရေထဲကျသွားသည့် ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာကူးတို့သည် အလောင်းရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၆/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှ ကျည်ဆံထိမှန်ပြီး ရေထဲကျသွားသူ ကူးတို့သည် ဦးမောင်ငယ် (၄၈) နှစ်၏ အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီကျော်က အခင်းဖြစ်ပွားရာနေရာ အနီးမှ ရှာဖွေတွေ့ရှိခဲ့သည်ဟု မိသားစုများက ပြောသည်။

“ ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာက ကူးတို့သည် တစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ် ဦးမောင်ငယ်ကို မနေ့က အမျှက်တောင်ကျေးရွာမှာရောက်နေတဲ့  တပ်မတော် စစ်ကြောင်းကနေ လာယူဖို့ ခေါ်တဲ့အတွက် သွားရာမှာ နှစ်ဖက် တိုက်ပွဲကြားညှပ်ပါသွားပြီး သေနတ်ထိမှန်ပြီး ရေထဲကျ သေဆုံး သွားခဲ့ပါတယ်။ သူရဲ့ အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီကျော်က အခင်းဖြစ်ပွားရာ အနီး ချောင်းထဲက ရှာဖွေတွေ့ရှိခဲ့ပါတယ်” ဟု ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။

ဦးမောင်ငယ်တွင် သေနတ် ဒဏ်ရာ ၂ ချက်ရရှိခဲ့ပြီး တစ်ချက်မှာ လည်မျိုက ဝင်ပြီး လည်ပင်းကထွက်သွားကြောင်း၊ နောက်တစ်ချက်မှာ ညာဖက် နားအောက်က ဝင်သွားကြောင်း၊ တစ်ခါတည်းရေထဲကို ကျသွားကြောင်း၊ တစ်ခြား စက်လှေပေါ်မှာ ပါလာသူ အရပ်သား ၂ ဦးမှာရေထဲခုန်ချ လွှတ်မြောက်သွားခဲ့သည်ဟု ၎င်းက ပြောဆိုသည်။ 

ဦးမောင်ငယ်အား စစ်တပ်က ခေါ်၍ စက်တပ်လှေဖြင့် သွားရောက်စဉ် ပစ်ခတ်မှု ဖြစ်ပွားပြီး သေဆုံးသွားသည်ဟု မိသားစုများက ပြောသဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်ရာ ၎င်းသတင်းကို သူမရရှိသေးဟု ပြောကြားသည်။

၎င်းအား ယနေ့ညနေပိုင်းက ရေစိုးချောင်းကျေးရွာ  ချောင်းအနီးတွင် သင်္ဂြိုလ်ခဲ့သည်ဟု ရွာသားက ပြောဆိုသည်။ 

ဦးမောင်ငယ်တွင် မိန်းမနှင့် သားသမီး ရှစ်ဦးကျန်နေခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျှက်တောင်ကျေးရွာ အနီးတွင် စက်တင်ဘာ ၁၄ ရက် နေ့ ညနေ ၅ နာရီကျော်မှ ညဉ့်၉ နာရီ နီးပါးထိ တိုက်ပွဲမှာ  ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်း အမျှက်တောင်နှင့် ရေစိုးချောင်းအကြားတွင် ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ် သတင်းများ