- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
နီမင်းထွန်း
နိရဥ္စရာ ၊ စက်တင်ဘာ ၁၈ /၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ချောင်းတူကျေးရွာအနီးတွင် မိုင်းထိ၍ ဘယ်ဖက်ခြေသလုံးအောက်ပိုင်း ပြတ်တောက်သွားသော အမျိုးသမီးသည် ယနေ့ညနေပိုင်းက အရေးပေါ်ကုသမှုခံယူရန် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာသည်ဟုသတင်းရရှိသည်။
မိုင်းထိဒဏ်ရာရသူမှာ ဒေါ်သန်းသန်းနု (၄၈)နှစ် ဖြစ်ပြီး ယနေညနေ ၄နာရီခန့်တွင် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
“ကျနော်တို့ မနက် ၈ နာရီလောက်က တောထဲသွားတယ်။ ၁၂ နာရီလောက်မှာအိမ်ပြန်လာတယ်။ အိမ်ပြန်လာတဲ့ လမ်းမှာ သူ့ကိုမိုင်းထိတာပါ။ ကျနော်နဲ့ နည်းနည်းဝေးတော့ ဗုန်း ဆိုတဲ့အသံပဲကြားလိုက်တယ်။ သူ့ဘယ်ခြေနဲ့ မျက်နှာမှာ ဒဏ်ရာရသွားတယ်” ဟု ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဒေါ်သန်းသန်းနု၏ အမျိုးသား ဦးသင်္ခါကျော်က ပြောသည်။
မိုင်းပေါက်ရာနေရာမှာ ကျောက်တော်မြို့နယ် ချောင်းတူရွာ အနောက်ဘက် မိုင်ဝက်ခန့်အကွာတွင် ဖြစ်ပြီး လက်ရှိတွင် လူနာ၏ ဒဏ်ရာအခြေအနေမှာ ပြင်းထန်သည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တပ်တော်(AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားဖြစ်သည်မှာ ၈ လကျော်ကြာမြင့်နေပြီး တိုက်ပွဲများကြား အရပ်သားသေဆုံးမှု ၈ဝကျော်နှင့် အရပ်သားဒဏ်ရာရသူပေါင်း ၁၂ဝ ခန့်ရှိနေပြီဟု သိရသည်။