- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
ချစ်အိလှိုင်
နိရဥ္စရာ ၊ အောက်တိုဘာ ၁ဝ / ၂ဝ၁၉
ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ မြောက်ဦးမြို့နယ်၊ ကျောင်းတောင် ရွာသား ကိုစည်သူအောင်သည် တတိယအကြိမ် သွေးအန်၍ ယနေ့ အောက်တိုဘာ ၁ဝ ရက်နေ့တွင် စစ်တွေဆေးရုံသို့ ထပ်မံ ပို့ဆောင် လိုက်ရကြောင်း သတင်းရရှိသည်။
ကိုစည်သူအောင် (၂ဝ )နှစ်မှာ သွေးအန်၍ စစ်တွေဆေးရုံကြီးတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က တစ်ကြိမ်၊ စက်တင်ဘာ ၁၇ ရက်နေ့က တစ်ကြိမ်၊ ၂ ကြိမ်တိတိ တတ်ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း၊ သို့သော်လည်း ရောဂါသက်သာလာခြင်းမရှိဘဲ ယမန်နေ့က ထပ်မံ သွေးအန်လာသည့် အတွက် စစ်တွေအကျဉ်းထောင်မှတဆင့် စစ်တွေဆေးရုံသို့ ယနေ့တွင် တတိယ အကြိမ် ပို့ဆောင်လိုက်ရခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်သောင်းအေးက ပြောသည်။
“ မနေ့ကမနက်ပိုင်းသွေးအန်တယ်လို့ သိရပါတယ်။ ကျွန်တော့်ကို ဒီကဆက်သွယ်လာတော့ ဒီနေ့ ရွာက လိုက်လာတာပါ။ ထောင်ဆရာဝန်ကတော့ အဆုတ်နာနေတယ်လို့ပြောပါတယ်။ ထောင်ထဲကဆေးရုံမှာတော့ ဆေးကုပေးနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုထပ်ပြီး သွေးအန်ပါတယ်။ စည်သူအောင်ကို ဂရုစိုက်ပြီး ကုပေးစေချင်ပါတယ်” ဟု ဦးမောင်သောင်းအေးက နိရဥ္စရာသတင်းဌာနအား ပြောသည်။
ဆေးကုသမှုခံနေရသူ ကိုစည်သူအောင်သည် ငှက်ဖျားရောဂါခံစားနေရသူ ကျောင်းတောင်ရွာသား တစ်ဦးအား ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင်မြောက်ဦးဆေးရုံသို့ လိုက်ပို့ပေးစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရစဉ် ရိုက်နှက်စစ်ဆေးခံခဲ့ရသောကြောင့် ယနေ့ထိ ၄င်း၏ ရင်ဘတ်နေရာတွင် နာကျင်သော ဝေဒနာ ခံစားနေရသေး၍ သွေးအန်ခြင်းဖြစ်ကြောင်း၊ မည်သည့်ရောဂါဖြစ်နေမှန်း ထောင်ဆရာဝန်က သေသေချာချာ ရှင်းပြခြင်းမရှိသည့်အတွက် စိုးရိမ်မိကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နိရဥ္စရာသတင်းဌာနနှင့် တွေ့ဆုံစဉ် ကာယကံရှင် ကိုစည်သူအောင်က ပြောသည်။