တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

လမ်းပြအဖြစ်အခေါ်ခံရသူ အပေါက်ဝရွာသား ကျည်ဆံထိမှန်သေဆုံးဟု မိသားစုများဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသားတစ်ဦးသည် တပ်မတော် စစ်ကြောင်းတစ်ခုမှ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်းခံရပြီးနောက် သေနတ်ပစ်ခံရကာ သေဆုံးသွားခဲ့ရသည်ဟု သေဆုံးသွားသူ၏ ဇနီးဖြစ်သူ ဒေါ်မသန်းလှက ပြောသည်။

သေဆုံးသွားသူမှာ အပေါက်ဝကျေးရွာသား ဦးထွန်းအေးမြ(ခ)ဦးပေါက်ချေ အသက် (၄၃)နှစ်ဖြစ်သည်ဟု သိရသည်။

“ ကျွန်မရဲ့ ယောက်ျားက မနက် ၈ နာရီကျော်လောက်မှာ လယ်တဲကနေ နွားတွေကို ထုတ်ပြီး အိမ်ကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ စစ်ကြောင်း လာတဲ့ အတွက် ရွာဦးဘုန်းတော်ကြီးကျောင်းနားမှာ ရပ်နေတယ်လို့ ပြောပါတယ်။ အဲဒါကို သူ့ကို လမ်းပြအဖြစ် ခေါ်တယ်လို့ ပြောတယ်။ ခေါ်တဲ့ အချိန်မှာလည်း တစ်လမ်းလုံး ကန်ကျောက်ပြီးတော့ ခေါ်သွားတယ်လို့ ပြောပါတယ်။ နောက် ပြိန်းချောင်းရွာ အနားရောက်တော့ ပေါက်ကွဲမှုဖြစ်ပြီး ကျွန်မ ယောက်ျား သေနတ်နဲ့  အပစ်ခံရပြီး သေဆုံးတာဖြစ်တယ်လို့ သိရတယ်” ဟု ဒေါ်မသန်းလှက ပြောဆိုသည်။

ဦးထွန်းအေးမြသည် အပေါက်ဝကျေးရွာ၏ တောင်ဘက် ရွာဦးဘုန်းတော်ကြီးကျောင်းအနီးမှ ခေါ်ဆောင်ခံရပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အလောင်းအား ညနေပိုင်း ၆ နာရီမှ ယူဆောင်ခဲ့ရကြောင်း၊ အပေါက်ဝတိုက်နယ်ဆေးရုံမှ ဆရာဝန်မှာ ကျောက်တော်သို့ ရောက်ရှိနေသဖြင့် အလောင်းကို ကားဖြင့် ကျောက်တော်သို့ ယူဆောင်နေကြောင်း သူမက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ သူက  “ ဒါက လုံးဝ မဟုတ်ဘူးဗျာ။ အဲဒါကြီးက လုံးဝကို ဆန့်ကျင် တယ်ဗျာ။ သေနတ်ပစ်ခံရတာ မဟုတ်ဘူး။ အဲဒီအပေါက်ဝ ဒီဘက်နားမှာ ပြိန်းချောင်းနားမှာ ကျွန်တော်တို့ တပ်တွေ ချောင်းကူးတာရှိတယ်။ ချောင်းကူးနေတဲ့ အချိန်မှာ ကျွန်တော်တို့ တပ်တွေကလည်း အဲဒီချောင်းကို အကူး၊အဲဒီမှာ ရွာသားတစ်ယောက်၊ ဘယ်ကလည်းမသိဘူး။ ရွာသားတစ်ယောက် မျက်နှာချင်းဆိုင် လာတယ်။ ရွာသားကလည်း အလာ၊ကျွန်တော် တို့ကလည်း ဒီဘက်က အသွား၊အဲဒီမှာနားမှာ မိုင်းတစ်လုံးကွဲတာ။ ကျွန်တော်တို့ဆီက ရဲဘော်တစ်ဦးလည်း အနည်းငယ် ဒဏ်ရာရတယ်ဗျာ။ အဲဒီရွာသားက မိုင်းကွဲပြီး အဲဒီနားမှာ သေတာ”ဟု ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က သေနတ်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောကြားပြီး အသေးစိတ် အချက်အလက်များကို စုဆောင်းနေကြောင်း ပြောကြားသည်။

"ပြိန်းချောင်းရွာ အပြင်ဘက်မှာ မိုင်းပေါက်တယ်။ ဆွဲမို်င်းပေါက်တဲ့အတွက်ကြောင့် တပ်မတော်က နေပြီးတော့ ပြိန်းချောင်းရွာကို ပစ်တယ်ပေါ့နော်။ အဲဒီမှာ သူတို့ ဖမ်းခေါ်လာတဲ့  အပေါက်ဝရွာက အရပ်သားတစ်ယောက် အဲဒီမှာ ကျည်ဆံထိမှန် သေဆုံးသွားတယ်။ ဒေသခံတွေကတော့ အပစ်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်"ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်စဉ် အတွင်း ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာမှ ဦးထွန်းလှိုင် (၄၃)နှစ်နှင့် ဒေါ်စောမျှရီ (၅၅)နှစ်တို့မှာ သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ကျောက်တော်မြို့နယ် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသနေရသည်ဟု သိရသည်။

ဆက်စပ် သတင်းများ