တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရသေ့တောင်၊ ချိန်ခါလီရွာအနီး တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.3k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာ၊ ရေကျော်တံတားအနီး ယနေ့နံနက်ပိုင်းက တပ်မတော် ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

ယနေ့ နံနက်ပိုင်း ၉နာရီခွဲခန့်က မောင်တောဘက်မှ အငူမော်ဘက်သို့ မောင်းနှင်လာသည့် တပ်မတော်ယာဉ်တန်း တစ်ခု ချိန်ခါလီကျေးရွာ ရေကျော်တံတားအရောက်တွင် ထိုသို့မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ချိန်ခါလီကျေးရွာမှ အမျိုးသမီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျမတို့ မနက်ပိုင်းက ကားလမ်းဘေးက ဆိုင်တစ်ဆိုင်မှာ မုန့်ဝယ်နေကြတဲ့ အချိန်မှာ စစ်သားကားသုံးစီး မောင်တောဘက်ကနေ ဆင်းလာပါတယ်။ ကျမတို့ရွာ မြောက်ဘက်ကနေလာတာပါ။ မောင်တောဘက်က နေ အငူမော်ကို လာတဲ့လမ်းပါ။ သူတို့က ဘယ်ကနေလာတယ်ဆိုတာတော့ ကျမတို့မသိဘူး။ အငူမော်ဘက်ကိုသွားတဲ့ လမ်း ရေကျော်တံတားနားကိုရောက်တာနဲ့ မိုင်းပေါက်ကွဲတာပါ ” ဟု ၄င်း အမျိုးသမီးကပြောသည်။

ချိန်ခါလီကျေးရွာတောင်ဘက် ရေကျော်တံတား အရှေ့ဘက် ဘေးတွင် မိုင်း(၁)လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုပေါက်မှုဖြစ်ခဲ့သည့်နေရာတွင် တပ်မတော်ဘက်မှ ပစ်ခတ်မှုတချို့လည်း ဖြစ်ပွားခဲ့ကြောင်း ချိန်ခါလီ ကျေးရွာသားတစ်ဦးကလည်း ထပ်မံပြောဆိုသည်။

“ဒီနေ့မနက် ၉နာရီကျော်လောက်ဖြစ်မယ်။ ကျနော် ဒုံးပိုက်ရွာကနေ လာတဲ့အချိန်မှာ မိုင်းတစ်လုံးကွဲတဲ့ နေရာကိုတော့  တွေ့ခဲ့ပါတယ်။ တံတားပေါ်မှာလည်း မြေသားတွေ တင်နေတွေ့ခဲ့ရတယ်။ သေနတ်တွေနဲ့ ပစ်ခဲ့တာဖြစ်မယ်။ တံတားပေါ်မှာ ကျည်ဆံခွံတွေ အများကြီးတွေ့ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ထိုပေါက်ကွဲမှုဖြစ်သည့် နေရာအနီးတံတားပေါ်တွင် သေနတ်ကျည်ခွံများ တွေ့ခဲ့ရသည့် အတွက် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်ဟုယူဆရကြောင်း၊ မိုင်းပေါက်ကွဲမှုပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပုံရကြောင်း ၎င်းက ပြောကြားသည်။

မည်သည့်အဖွဲ့မှ ပစ်ခတ်ဖောက်ခွဲသည်ကို အသေးစိတ်မသိရကြောင်း ၄င်းချီခါလီကျေးရွာသားက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်အား စုံစမ်းမေးမြန်းရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနမှ ယနေ့နေ့လယ် ၁၂နာရီက ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုမရှိခဲ့ပါ။

ဆက်စပ် သတင်းများ