တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တိုက်ပွဲကြားကထွက်ပြေးတိမ်းရှောင်လာသည့် မိသားစုစီးလာသည့်စက်လှေနစ်၍ ၁၃နှစ်အရွယ်မိန်းခလေးတစ်ဦးနှင့် ၃နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာရွာနှင့် ဝေသာလီအနီး နေရာ (၂) ခုတွင် ယနေ့ နံနက်ကတည်းက တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့် ကြောက်လန့်၍ ထွက်ပြေးသည့် မိသားစု တစ်စု စီးလာသည့် ဟွန်စက်လှေ တစ်စီး နစ်မြုပ်သွားသဖြင့် အသက် ၁၃ နှစ်အရွယ် ကိုးတန်းကျောင်းသူ တစ်ဦးနှင့် ၃နှစ်အရွယ် ကလေးငယ် တစ်ဦးတို့ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသည့် ကလေးငယ် နှစ်ဦးမှာ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ ဦးမောင်ကျန်သိန်းနှင့် ဒေါ်ခိုင်မြင့်သမီး မဦးသန်းခင် (၁၃) နှစ်နှင့် မောင်ကျော်နိုင်ဋ္ဌေး (၃) နှစ်တို့ ဖြစ်ကြသည်။

“ စက်လှေနစ်တာက ငစွယ်ကန်ချောင်းထဲမှာပါ။ ဒီကနေ့ နံနက် ၉ နာရီခွဲလောက်မှာ နစ်တာပါ။ ပြလှနဲ့ ပီပင်ရင်းရွာအကြားမှာ နစ်တာပါ။ ပီပင်ရင်းရွာကနေ ပြလှရွာဘက်ကို စက်လှေနဲ့ ကူးစဉ်မှာ နစ်တာပါ” ဟု ပီပင်ရင်း ကျေးရွာသား တစ်ဦးက ပြောသည်။

မိခင်ဖြစ်သူ ဒေါ်ခိုင်မြင့်မှာ ပီပင်ရင်းရွာသို့ ရောက်လာပြီ ဖြစ်သော်လည်း  မေ့မျောနေသည်ဟု ပြောသည်။

ယခုအခါ ကလေးငယ်နှစ်ဦးကို ရွာသားများ လိုက်လံရှာဖွေနေကြသည်ဟု သိရသည်။

အဆိုပါ ကလေးငယ်နှစ်ဦးပျောက်ဆုံးနေခြင်းကို မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း အတည်ပြု ပြောကြားသည်။

ယနေ့နံနက် ၆ နာရီမှ စတင်ပြီး  မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA) တို့အကြား လက္ကာရွာတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး သင်းကျစ်တောင်မှ စစ်ကူလာသော တပ်မတော် စစ်ကြောင်းနှင့်လည်း ဝေသာလီ ဘုရားကြီးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

လက္ကာရွာမှ အိမ်တစ်ချို့လည်း မီးလောင်နေသည်ဟု သတင်းရရှိသည်။

ဆက်စပ် သတင်းများ