တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်ပွဲရှောင်ရာမှ စက်လှေနစ်၍ ပျောက်ဆုံးနေသူ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်အလောင်းပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 778

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်၊ငစွယ်ကန်ချောင်းတွင် စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသော ဝေသာလီကျေးရွာမှ ကလေးနှစ်ဦးထဲက အမျိုးသမီးငယ်တစ်ဦး၏ အလောင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ပြန်တွေ့ခဲ့ကြောင်း မိသားစုဝင်များကပြောသည်။

ရေနစ်သေဆုံးခဲ့သူမှာ မြောက်ဦးမြို့နယ်၊ဝေသာလီကျေးရွာမှ နဝမတန်းကျောင်းသူ မဦးသန်းခင်(၁၃)နှစ်ဖြစ်ပြီး ယနေ့နံနက် က ပြလှကျေးရွာနှင့် ပီးပင်ရင်းကျေးရွာအကြား ငစွယ်ကန်ချောင်းတွင် စက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယနေ့နံနက်က လက္ကာကျေးရွာနှင့် ဝေသာလီကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားသောကြောင့် ဝေသာလီကျေးရွာမှ ဦးမောင်ကျန်သိန်း၊ဒေါ်ခိုင်မြင့်၊မဦးသန်းခင်၊မောင်ကျော်နိုင်ဌေး တို့မိသားစုသည် ဟွန်ဒါစက်လှေဖြင့် ရွာမှ ထွက်ပြေးခဲ့ကြရာ ပြလှကျေးရွာနှင့် ပီးပင်ရင်းကျေးရွာအကြား ငစွယ်ကန်ချောင်း အတွင်း စက်လှေနစ်မြုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ စက်လှေနစ်မြုပ်ပြီး မဦးသန်းခင်(၁၃)နှစ်နှင့် မောင်ကျော်နိုင်ဌေး(၃)နှစ်တို့မှာ ရေနစ်ပျောက်ဆုံးနေခဲ့ ကြောင်း၊မွန်းတည့် ၁၂ နာရီအချိန်တွင် မဦးသန်းခင်၏ သေဆုံးပြီးသား အလောင်းကို စက်လှေနစ်မြုပ်သည့် နေရာနှင့် ကိုက် ၅ဝ အကွာတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သေဆုံးသူ၏ မိသားစုဝင်များကပြောသည်။

“သမီးကလေးအလောင်းပြန်ရပါပြီ။ နစ်သွားတဲ့ နေရာကနေ ကိုက် ၅ဝ အကွာလောက်က ပြန်တွေ့တာပါ။ အသက်မရှိတော့ပါဘူး။ သားလေးကိုတော့ ရှာအတွေ့သေးပါဘူး။ ဆက်ရှာနေကြပါတယ်”ဟု ၄င်းကလေးငယ်နှစ်ဦး၏ အဒေါ်ဖြစ်သူ ဒေါ်လှအေးယဉ်က နိရဥ္စရာ သတင်းဌာနအားပြောသည်။

ဆက်စပ် သတင်းများ