- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ အောက်တိုဘာ ၂၈ / ၂ဝ၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦး အသတ်ခံလိုက်ရသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
အသတ်ခံရသူမှာ အပေါက်ဝကျေးရွာရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ် မျိုးကိုကို(၃၄ နှစ်ခန့်)ဖြစ်သည်။
သူသည် အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အပေါက်ဝကျေးရွာမှ စစ်တွေသို့ လိုင်းကားဖြင့်အသွား ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာနှင့် ကြံခင်းကျေးရွာအကြားအရောက်တွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အပေါက်ဝကျေးရွာဒေသခံတစ်ဦးက ပြောသည်။
"ပန်းနီးလာနဲ့ကြံခင်းကြားမှာ အဲဒီကားကို ရပ်ခိုင်းတယ်။ ရပ်ခိုင်းပြီး သူ့ကို ဆွဲချတယ်။ ဆွဲချပြီး အဲဒီမှာ သတ်ပစ် လိုက်တယ်တဲ့။ မနေ့က ညနေ ၄ နာရီအထိ အဲဒီမှာရှိသေးတယ်။ တစ်ယောက်မှ အလောင်းလာ မကောက်သေးဘူး"ဟု အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်ကလည်း ယခုသတင်းကို ကြားသိထားသည်ဟုဆိုသည်။
"ကြံခင်းနားမှာပေါ့နော်။ သေဆုံးမှုတစ်ခုဖြစ်တယ်ဘာညာဆိုပြီးတော့ ကြားတယ်။ ကြားပြီးတော့ လေ့လာလိုက်တော့ အပေါက်ဝစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတစ်ဦးဖြစ်နေတယ်ဘာညာဆိုပြီးတော့ ပြောကြတယ်ပေါ့။ ကျန်တဲ့ အပိုင်းတွေတော့ သိပ်မကြားဘူး"ဟု ဦးမောင်သန်းစိန်က အောက်တိုဘာလ ၂၇ ရက် ည ၈ နာရီခန့်က ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကြံခင်းကျေးရွာဒေသခံများအား အောက်တိုဘာလ ၂၇ ရက် ည ၈ နာရီခန့်က ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
-----------------------------------
Unicode:
ကြောကျတျောမွို့နယျ အပေါကျဝကြေးရှာမှ ဒုရဲအုပျတစျဦး အသတျခံရ