တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျည်ဆံထိမှန်ဒဏ်ရာရရှိခဲ့သည့် ရေဘုတ်ကျေးရွာမှ လူငယ်နှစ်ဦး စစ်တွေဆေးရုံကို ရောက်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၂၈/၂ဝ၁၉

ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ရန် အခက်အခဲဖြစ်နေသည့် ရသေ့တောင်မြို့နယ်၊ ရေဘုတ်ကျေးရွာသား လူငယ်နှစ်ဦး ယနေ့ နေ့လယ် ၁ နာရီခွဲတွင် စစ်တွေဆေးရုံသို့ ရောက်ရှိခဲ့သည်။

ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံသို့ ရောက်ရှိလာသူ လူငယ်နှစ်ဦးမှာ ရသေ့တောင်မြို့နယ် ရေဘုတ်ကျေးရွာမှ အဌမတန်းကျောင်းသား မောင်ကျော်နိုင်ခင်(၁၆)နှစ်၊(ဘ)ဦးမောင်စိုးချေနှင့် ကိုကျော်ဝင်း(၃၂)နှစ်၊(ဘ) ဦးအောင်ကျော်သိန်း ဖြစ်ကြောင်း သိရသည်။

၄င်းတို့နှစ်ဦးမှာ အောက်တိုဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက တပ်မတော်က ရွာထဲသို့ ပစ်ခတ်ပြီး ဝင်ရောက် လာစဉ် ကြောက်လန့်ပြီး ထွက်ပြေးရာမှ သေနတ်ကျည်ဆံ ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘယ်ဘက် ပခုံးကို ကျည်ဆံဖောက်ထွက်ပြီး ဒဏ်ရာရရှိခဲ့သူ မောင်ကျော်နိုင်ခင်က “ ရွာက ထွက်ပြေး ကြတယ်။ ပစ်တာက အထက်ကလည်း လေယာဉ်နဲ့လည်း ပစ်တယ်။အောက်ကလည်း ပစ်တယ်။ ကျည်ဆံဘယ်ဘက်က လာပြီး ကျလည်း တော့မသိပါဘူး” ဟု နိရဥ္စရာက မေးမြန်းစဉ်ပြောကြားသည်။

ထိုသို့ ဒဏ်ရာရရှိပြီးနောက် အောင်မြေကုန်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ပိတ်မိနေခဲ့ကြောင်း၊ ၎င်းလူငယ် ၂ ဦးအား ရသေ့တောင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ တပ်ရင်းမှူး စိုးမင်းအောင်(ခ)ဘက္ကာ၊ ရသေ့တောင်မြို့နယ် ကြက်ခြေနီအသင်း ဦးဦးလှကျော်နှင့် အဖွဲ့ဝင်များ၊ ရသေ့တောင်မြို့ပေါ်မှ ပရဟိတိ အဖွဲ့များမှ တာဝန်ရှိသူများမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဆရာဝန်တို့၏ ခွင့်ပြုချက်ဖြင့် အောင်မြေကုန်းကျေးရွာမှ ကားဖြင့် သွားရောက် ယူဆောင်ခဲ့ကြောင်း၊ ရသေ့တောင်ဆေးရုံတွင် ဆေးကုသမှု ခံယူပြီးနောက်  ယနေ့ နံနက် ၁ဝ နာရီလောက်တွင် ICRC နှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်း(MRCS)တို့မှ ရသေ့တောင်ဆေးရုံမှ စစ်တွေ ဆေးရုံသို့ ယူဆောင်သွားခဲ့ကြောင်း သိရသည်။

မောင်ကျော်နိုင်ခင်၏ ဖခင် ဦးမောင်စိုးချေက ၄င်း၏ သားမှာ ကျောင်းသားဖြစ်သည့်အတွက် ယခုကဲ့သို့ ဖြစ်ရသည်မှာ များစွာနစ်နာမှုရှိကြောင်း၊အရပ်သားပြည်သူများကို ရမ်းသမ်းပစ်ခတ်ခြင်းများကို ထပ်မပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ပြောသည်။

“ကျွန်တော်တို့ကတော့ သဘောမကျဘူး။ဘာကြောင့်လဲဆိုရင် သူတို့မှာ သူတို့ချင်းဖြစ်တဲ့ကိစ္စ သူတို့ချင်း ရှင်းကြပေါ့။ ပြည်သူလူထုကို အပေါ်ကနေပြီး ဟိုဟာလိုက်ပစ် ဒီဟာလိုက်ပစ်တယ်ဆိုတာကတော့ တရားမျှ တမှုလုံးဝမရှိဘူး။ခုက တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့” ဟု နိရဥ္စရာသို့ပြောသည်။

ရေပုတ်ကျေးရွာသည် ရွှေနဒီအမြန်ရေယာဉ် တားဆီးခံရသည့် နေရာမှ  ၂ မိုင်ခန့် အကွာတွင် တည်ရှိကြောင်း သိရှိရသည်။

-------------------------

Unicode:


နိရဉ်စရာ၊အောကျတိုဘာ ၂၈/၂ဝ၁၉









ဆက်စပ် သတင်းများ