တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်ရံကျေးရွာမှ ကျည်ဆံထိမှန်ဒဏ်ရာရသွားသည့် မိန်းခလေးငယ် စစ်တွေဆေးရုံသို့ ရောက်ရှိလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 10.3k

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ကျောက်ရံကျေးရွာမှ ကျည်ဆံထိမှန်ဒဏ်ရာရထားသည့် အသက် ၁၃ နှစ်အရွယ် ငါးတန်းကျောင်းသူ မိန်းကလေးသည် လေးရက်ကြာပြီးမှ ဆေးကုသမှုခံယူရန် စစ်တွေဆေးရုံကြီးသို့ ရောက်ရှိ လာသည်ဟု သတင်းရရှိသည်။

 “ ဒဏ်ရာရတဲ့ မြေးမလေးက အမျက်တောင်ရွာကနေ စစ်ပြေးရှောင်ရာမှာ  ကျောက်ရံက သူ့အဒေါ်အိမ်မှာ အကူလည်း ရအောင်ဆိုပြီး သွားထားတာပါ။ အဲဒီနေ့  စစ်တပ် နဲ့ အေအေ တို့ ရွာအနီးမှာ တိုက်ပွဲဖြစ်ကြပါတယ်။ အဲဒီနောက် ရွာထဲကို စစ်သားတွေ သေနတ်ပစ်လို့ ဝင်လာတယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ထိသွားတာပါ။ သေနတ်ကျည်ထိတော့ စစ်သားတွေက သူတို့ကြောင့် ထိတာဆိုတော့ သူတို့ ဆေးထည့်ပေးတယ်။ ဆေးထည့်ရင် ကြည့်ခွင့်မရှိတော့ ကလေးရဲ့ ဒဏ်ရာအခြေနေကို မသိဘူး။ သူတို့စစ်ကြောင်းက မနေ့ကမှ ရွာကနေ ထွက်သွားတဲ့ အတွက် ဆေးကုသဖို့ ပြင်ပကို သွားလာခွင့်ရတာပါ” ဟု အဘွားဖြစ်သူ ဒေါ်လှဦးစိန် ကပြောသည်။

အောက်တိုဘာ ၃ဝ ရက်နေ့က မနှင်းအေးနွယ် (ခ) နှင်းချေ (၁၃)နှစ်သည် ကျောက်ရံကျေးရွာရှိ အဒေါ်ဖြစ်သူ၏ နေအိမ်ဘေး မြေကွက်လပ်တွင် ထိုင်နေစဉ် တံတောင်ရိုးကို သေနတ်ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိပြီး ဆေးရုံသို့ ပို့ဆောင်ရန်ဟွန်ဒါစက်လှေ အခက်ခဲရှိသည့်အတွက် ကျောက်ရံဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေခဲ့ရကြောင်း၊အောက်တိုဘာလ ၃၁ ရက်နေ့က မြို့နယ်ဆရာဝန်၏ ခွင့်ပြုချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ ICRC စပီးဘုတ်ဖြင့် သွားရောက်သယ်ယူရန်ကြိုးစားခဲ့သော်လည်း စစ်တပ်က သွားခွင့် မပေးသောကြောင့် ဆေးကုသခွင့်  မရရှိခဲ့ကြောင်း၊ ယမန်နေ့ညနေတွင် စေတီပြင်ကျေးရွာသို့ စက်လှေဖြင့် လာခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာ၂ ရက်နေ့ နံနက် ၁ဝနာရီခွဲတွင်   ရသေ့တောင်သာရေးနာရေးအသင်း၏ အကူညီဖြင့် စေတီပြင်ကျေးရွာမှ  စစ်တွေဆေးရုံသို့ ကားဖြင့် ဆေးကုသရန်ရောက်ရှိလာခြင်းဖြစ်ကြောင်း မိသားစုဝင်များမှ သိရသည်။

မနှင်းအေးနွယ် (ခ) နှင်းချေအား ဆေးကုသမှုခံယူနိုင်ရန် လိုအပ်သော်လည်း တိုက်ပွဲများနှင့် စစ်ကြောင်းများ တက်နေသဖြင့်  ၄ ရက်ကြာပြီးမှ စစ်တွေဆေးရုံသို့ ယူဆောင်ခဲ့ရခြင်း ဖြစ်ကြောင်း အဘွားဖြစ်သူ ဒေါ်လှဦးစိန်က ပြောသည်။

----------------------

UNICODE:


နိရဉ်စရာ၊ နိုဝငျဘာ ၂/ ၂ဝ၁၉






ဆက်စပ် သတင်းများ