တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တပ်မတော်စစ်ကြောင်းက ရွာသား ၃ ဦးကို ခေါ်ယူသွား၍ ဆင်သည်ရွာသားတို့ရွာမှ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.1k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂/၂၁ဝ၉

တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသား ၃ ဦးကို ခေါ်ဆောင်သွားပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်သည် ကျေးရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး ရွာမှ ထွက်ပြေးနေကြရာ ကျေးရွာအတွင်း သက်ကြီးရွယ်အို၊ ကလေးမိခင်များနှင့် ကလေးများသာကျန်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၉ နာရီက ဆင်သည်ကျေးရွာ၏ မြောက်ဘက်ရှိ ဥယျာဉ်ခင်းတွင် အလုပ် လုပ်နေသည့် ဦးသန်းလှိုင် (၄ဝ)နှစ်၊ ဦးအောင်သန်းလှိုင်(၄၂)နှင့် ဦးမောင်ထွန်းဝင်း(၄ဝ)နှစ်တို့ကို တပ်မတော် စစ်ကြောင်းတစ်ခုက ခေါ်ဆောင်သွားပြီးနောက် ရွာသားများမှာ စိုးရိမ်ကြောက်လန့်ပြီး  နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

၄င်းတို့ သုံးဦးကို ခေါ်ဆောင်သွားပြီး မွန်းလွဲ ၁၂ နာရီအချိန်တွင် တပ်မတော်စစ်ကြောင်းနှင့်အတူ ရွာထဲသို့ ပြန်ရောက်လာကြောင်း၊ မည်သည့်အတွက်ကြောင့်ခေါ်ဆောင်သွားသည်ကို မသိရှိရကြောင်း၊ ထိုသို့ ခေါ်ဆောင်ခံရသဖြင့် ကြောက်လန့်စိုးရိမ်ပြီး ဆင်သည် ကျေးရွာသားများ ထွက်ပြေးနေကြ ကြောင်း  ကျေးရွာသား တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“မနက် ၉ နာရီလောက်က ရွာသားသုံးယောက်ကို ခေါ်သွားတယ်။ ဥယျာဉ်ခင်း၊ကွမ်းခင်းမှာ အလုပ်လုပ်နေတာကို၊ ဘာအတွက် ခေါ်တယ်ဆိုတာ မသိရဘူး။ ရွာသားအတော်အများကြောက်လန့်ပြီး ရွာက ထွက်ပြေးလာကြပါတယ်။ ရွာမှာ သက်ကြီးရွယ်အိုနဲ့ ကလေးအမေတွေ၊ထွက်သွားလို့ မရတဲ့ သူတွေပဲ ကျန်လိုက်တယ် ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ ဆင်သည် ရွာသားသုံးဦးကို ခေါ်ယူခဲ့ခြင်း မရှိဟု ငြင်းဆိုသည်။

“မခေါ်ပါဘူး။ရွာသားတွေ ဘယ်ရွာသားမှမခေါ်ဘူး။အဲဒီဘက်မှာ ခေါ်လို့လည်း မရဘူး။ ရခိုင်တွေချည်းပဲ။ ဆင်သည်ရွာဆိုတာ ရခိုင်ရွာ။ ရွာသားတွေကို ပိုက်ဆံပေးပြီးခေါ်တာတောင်မှ လမ်းပြလိုက်လို့ရှိရင် အေအေက သတ်မယ်၊ ဖြတ်မယ်လုပ်တော့ ဘယ်ကောင်မှ မလိုက်ရဲဘူး။ အဲဒီနယ်မြေတွေက ကျွန်တော်တို့တပ်တွေ သွားနေ တာကြာပြီဖြစ်တဲ့အတွက် လမ်းပြလည်း ခေါ်စရာအကြောင်းမရှိဘူး။ ခေါ်ဖို့လည်း မလိုဘူး။ ကိုယ့်ဟာကိုယ် သံလိုက်အိမ်မြှောင်နဲ့ ဂျီပီအက်စ်နဲ့ သွားနေတာ။ ဘယ်သူမှ မခေါ်ဘူး”ဟု နိရဥ္စရာကို ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းတင်ကမူ စစ်တပ်မှ လူအင်အား ၂ဝဝ လောက်ဖြင့် ရွာထဲတွင် ဝင်ရောက်နေပြီး ဆင်သည်ရွာသားသုံးဦးကို ခေါ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

“ရွာက သတင်းကတော့ရတယ်။ဒီနေ့ ၈ နာရီကျော်လောက်မှာ မြန်မာစစ်တပ်က ၂ဝဝ ကျော်လောက် ရွာထဲကို ဝင်တယ်။ ဆင်သည်ရွာထဲကို ဝင်ပြီးတော့ ဘုန်းကြီးကျောင်းမှာ နေတယ်။ ဘုန်းကြီးကျောင်းမှာနေပြီးတော့ ရွာထဲက ယောကျာ်းသုံးယောက်ကို လမ်းပြအဖြစ်ခေါ်တယ်တဲ့။  အခုတော့ သူတို့ ပြန်လွတ်တယ်လို့ သိရတယ်။ အခုရွာထဲမှာ တစ်ယောက်လည်း မရှိတော့ဘူးတဲ့။ သက်ကြီးတွေလောက်ပဲ ကျန်ခဲ့တယ်။ ပိုးရွှီပြင်တို့၊ ပေါက်တောပြင်တို့ နီးစပ်ရာ အားလုံးရောက်နေကြပြီလို့ သိရတယ်” ဟု ညနေ ၆ နာရီ ၁၄ မိနစ်က အတည်ပြုပြောကြားသည်။
 
ဆင်သည်ကျေးရွာသည် အိမ်ခြေ ၅ဝဝ ကျော်ရှိပြီး လူဦးရေ ၃ဝဝဝ ကျော် နေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်သည်။

၂ဝ၁၉ ဇွန်လအတွင်းကလည်း ဆင်သည်ကျေးရွာအနီးတွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆင်သည် ကျေးရွာသားများမှာ ကြောက်လန့်ပြီး ပိုးရွှီပြင်ကျေးရွာ၊ ရဟက်တောင်ကျေးရွာနှင့် ပေါက်တောပြင်ကျေးရွာများသို့ အသီးသီး ထွက်ပြေးတိမ်းရှောင်ခဲ့ဖူးကြောင်း သိရသည်။

---------------------

Unicode


နိရဉ်စရာ၊နိုဝငျဘာ ၂/၂၁ဝ၉








 


ဆက်စပ် သတင်းများ