- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
စိုးဇံအောင်
စစ်တွေ၊ နိုဝင်ဘာ ၇ / ၂ဝ၁၉
ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်သွယ်မှုအထောက်အထားများတွေ့ရသည်ဟုဆိုကာ မြေပုံမြို့နယ်မှ လူငယ်တစ်ဦးကို အမ်းမြို့မရဲစခန်းတွင် အပ်နှံပြီး ဥပဒေနှင့်အညီဆောင်ရွက်နေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းတွင် ဖော်ပြထားသည်။
အမှုဖွင့်ခံရသူမှာ မြေပုံမြို့နယ် ယောချောင်း(ခေါ်)ရွာသာယာကျေးရွာနေ ဦးမောင်တင်မြင့်၏သား မောင်ဆန်းဆန်းမောင်(၁၉)နှစ်ဖြစ်ပြီး ၄င်းကိုင်ဆောင်သော ဖုန်း Messenger မှ ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်သွယ်ထားသည့်အထောက်အထားများတွေ့ရသည်ဟု နိုဝင်ဘာလ ၆ ရက်နေ့ကထုတ်ပြန်လိုက်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းတွင် ဖော်ပြထားသည်။
မောင်ဆန်းဆန်းမောင်သည် နိုဝင်ဘာလ ၃ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ရွာသာယာကျေးရွာမှ ယိုးဆနွင်းကျေးရွာရှိ မင်္ဂလာဆောင်သို့ သွားရာတွင် ၄င်းစီးလာသော ဆိုင်ကယ်ကို တပ်မတော်စစ်ကြောင်းတစ်ခုက ရပ်တန့်ခိုင်းကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။
ထိုသို့ဖမ်းဆီးပြီးနောက် မောင်ဆန်းဆန်းမောင်ကို မင်းပြားမြို့နယ် ကမ်းနီကျေးရွာ တပ်မတော်လေ့ကျင့်ရေး ကျောင်း တိုင်းဗဟို(၉)သို့ ခေါ်ဆောင်သွားကြောင်း၊ မိသားစုဝင်များသွားတွေ့ရာတွင် တွေ့ခွင့်မရခဲ့သည့်အတွက် မည်သည့်အတွက် ဖမ်းဆီးခဲ့သည်ကို မသိရှိခဲ့ကြောင်း နိရဥ္စရာသို့ ပြောသည်။
“ကျွန်မသားက ချိန်းထိုးဖို့လိုက်တယ်။ သစ်စက်မှာ အလုပ်သွားလုပ်တယ်။ သူ့အဖေကလည်း မြွေကိုက်ထားတဲ့အတွက် ခြေထောက်မသန်ဖြစ်နေပါတယ်။ အခု သူ့ကို သွားတွေ့ဖို့လည်း ပိုက်ဆံအဆင်မပြေဖြစ်နေပါတယ်။ ကျွန်မသားက တစ်ခုလည်း မလုပ်ပါဘူး။ ကျွန်မတို့လည်း ဝါးခုတ်ပြီး ရောင်းစားတယ်။ ကျဘမ်း အလုပ်လုပ်တယ်။”ဟု မောင်ဆန်းဆန်းမောင်၏ မိခင် ဒေါ်မတင်စိန်က ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မောင်ဆန်းဆန်းမောင်အား မည်သည့်ပုဒ်မဖြင့် အမှုဖွင့်အရေးယူထားသည်ကို သိရှိနိုင်ရန် အမ်းမြို့မ ရဲစခန်းမှူးထံသို့ဆက်သွယ်မေးမြန်းရာ ”ကျွန်တော်တို့ဆီကို မရောက်သေးဘူးဗျ”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် ဆက်စပ်သံသဖြင့် ဖမ်းဆီးခံရသူ ၂၇၁ ဦးရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က စာရင်းထုတ်ပြန်ထားသည်။
---------------------------------
Unicode Version