- Web Master
- ၂၄ စက်တင်ဘာ ၂၀၂၂
သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုင်ဝင်ဘာ ၁ဝ/၂ဝ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာမှ ငါးရောင်းရန်သွားသည့် စက်တပ် ဟွန်ဒါလှေအား စစ်တပ်က ပစ်ခတ်သဖြင့် လှေပေါ်ပါလာသူ ၃ ဦးထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ကျည်ဆံ ထိမှန် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ မြေပုံမြို့နယ် ဝက်ရူးကျေးရွာမှ ဦးမောင်လှအေးဇနီး ဒေါ်ဦးခင်သန်း (၃၂)နှစ် ဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယနေ့နံနက် ၇ နာရီကျော်က ဦးမောင်လှအေးနှင့် ၎င်း၏ ဇနီး ဒေါ်ဦးခင်သန်းတို့ ငါးရောင်းပြီး ပြန်လာသော ဟွန်ဒါစက်လှေအား ယိုးချောင်း ရွာသာယာ ရွာဦးနတ်ပင်အနီးရှိ စစ်တပ်မှ ကမ်းကပ်ရန် ဟန့်တားခဲ့ကြောင်း၊ ကမ်းမကပ်သဖြင့် ရွာသာယာကျေးရွာရှိ နတ်ပင်အောက်မှ လုံခြုံရေး ယူနေသော စစ်တပ်ဖွဲ့ တစ်ခုက ပစ်ခတ်ရာမှ ဒေါ်ဦးခင်သန်းမှာ ကျည်ဆံထိန်မှန် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဒေါ်ဦးခင်သန်း၏ မိခင်ဖြစ်သူ ဒေါ်ဦးခင်နုက ပြောကြားသည်။
“ သူတို့ကို ရွာသာယာမှာရောက်နေတဲ့ စစ်တပ်က စစ်ဆေးတယ်လို့ ပြောပါတယ်။ နာမည်နဲ့ နေတဲ့ရွာတွေကို မေးတယ်လို့ ပြောပါတယ်။ သူတို့က ဆင်းရဲတဲ့ အတွက် ငါးရှာရောင်းစားရတယ်လို့ ပြောတယ်လို့ သိရပါတယ်။ ပြန်အထွက်မှာ လူတစ်ဦးက စက်တပ်လှေပေါ် တက်လိုက်လာတယ်လို့ဆိုပါတယ်။ ရွာဦးကိုရောက်တော့ ရွာဦးမှာရှိတဲ့ စက်လှေကို တားတယ်လို့ သိရပါတယ်။ စက်လှေက မကြားလို့လား၊ ဘာကြောင့်လည်း မသိဘူး။ စက်လှေက လွန်သွားတော့ သေနတ်နဲ့ ပစ်တယ်လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်လို့ အခုလို ကျည်ဆံထိမှန် သေသွားတာ ဖြစ်ပါတယ် ” ဟု ဒေါ်ခင်နုကပြောသည်။
နောက်ဝက်ရူးရွာမှ ဒေသခံ တစ်ဦးက “ သူတို့က ငါးရောင်းဖို့ ရွာသာယာကို ဟွန်ဒါ စက်လှေနဲ့ သွားတာ။ ရွာသာယာကနေ ပြန်တဲ့အချိန်မှာ ရွာထိပ်မှာရှိနေတဲ့ စစ်တပ်က တားတယ်လို့ ပြောတယ်။ စက်လှေပေါ်မှာလည်း လူတစ်ဦး ပါလာတယ်လို့ ပြောတယ်။ စက်လှေက မကပ်ဘဲဆက်သွားတော့ စစ်တပ်က သေနတ်နဲ့ ပစ်တယ်လို့ ပြောပါတယ်” ဟု ပြောဆိုသည်။
ရွာသာယာကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်အားဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်းအား ဆပ်သွယ်ရာ “ ဝက်ရူးကျေးရွာမှ လင်မယားနှစ်ဦး စက်တပ်လှေဖြင့် ငါးရောင်းသွားရာတွင် စစ်တပ်ကလှမ်းပစ်ခတ်မှုကြောင့် ဇနီးဖြစ်သူ မှာ ရင်ဘတ်ကျည်ဆံ ထိမှန် သေဆုံးသွားကြောင်း” အတည်ပြုပြောကြားသည်။
စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဟု သေဆုံးသူ၏ မိသားစုဝင်များက ပြောဆိုသည့် အတွက် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်း စစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာ သတင်းဌာနမှ ယနေ့့ နံနက်က ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းအား မကြားသိရကြောင်း ပြန်လည်ပြောဆိုသည်။
“မြေပုံမြို့နယ် ဝက်ရူးကျေးရွာဆိုတာ ကြားတောင်မကြားဖူးဘူး။ အဲသတင်းကတော့ မှားနေပြီးနော်။ ခင်ဗျားတို့ကို ဖုန်းဆက်တဲ့လူက AA ကပဲ နေမှာပါ” ဟု ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်က ဆက်သွယ်မေးမြန်းစဉ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။
သေဆုံးသူ ဒေါ်ဦးခင်သန်း၏ အလောင်းအား မြေပုံမြို့နယ်ဆေးရုံသို့ စစ်ဆေးရန် ယူဆောင်သွားကြောင်း သိရသည်။
-----------------------------------
Unicode: