တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးက အိုးထိန်းရွာ မကြာခဏ ဝင်ရောက် စစ်ဆေးခံနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.2k

စိုးဇံအောင်
နိရဥ္စရာ၊နိုဝင်ဘာ ၂၆ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်၊အိုးထိန်းကျေးရွာကို ယနေ့နံနက်တွင် တပ်မတော် စစ်ကြောင်းတစ်ခုက ဝင်ရောက် စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ နံနက် ၉ နာရီအချိန်က အင်အား ၆ဝ ဝန်းကျင်ရှိသည့် မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုသည် အိုးထိန်းကျေးရွာတွင်းသို့ ဝင်ရောက်လာပြီး နေအိမ်တချို့ကို စစ်ဆေးခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။

“ကျွန်မတို့ အိမ်ကို ဝင်ပြီးစစ်ပါတယ်။အိမ်ထဲကို စစ်သားနှစ်ယောက်ဝင်ပြီး စစ်တာပါ။ခြံပြင်မှာ နှစ်ယောက် စောင့်ကျန်ခဲ့တယ်။အိမ်ပေါ်ကို တက်ပြီးရှာတယ်။ပြီးတော့ ကျွန်မ ယောကျာ်း အိမ်မှာ ရှိလားလို့ မေးတယ်။ ကျွန်မ ယောကျာ်းက လယ်တောကို သွားနေတယ်လို့ ပြောလိုက်ပါတယ်”ဟု နေအိမ်ဝင်ရောက် စစ်ဆေးခံခဲ့ရသည့် အိုးထိန်းကျေးရွာ သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ စစ်ဆေးပြီးနောက် ကျေးရွာသား လူလတ်ပိုင်းနှင့် လူကြီးပိုင်း ၂ဝ ဝန်းကျင်ကို ခေါ်ယူကာ အိုးထိန်း ဘုန်းကြီး ကျောင်းဝင်းထဲတွင် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

“အိမ်တွေကနေ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကို ဘုန်းကြီးကျောင်းထဲခေါ်ပြီး စစ်ဆေးခဲ့တယ်။ရိုက်နှက်တာ မျိုးတော့ မရှိဘူး။ လူလတ်ပိုင်း ၆ ယောက်လောက်ရှိမယ်။လူကြီးပိုင်းကတော့ ၁ဝ ယောက်လောက်ပါတယ်။ သူတို့ကို အဲဒီ ဘုန်းကြီးကျောင်းထဲမှာ မေးတယ်လို့ ပြောတယ်”ဟု အိုးထိန်းရွာသားတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းရာ ထိုရွာများတွင် တပ်မတော်စစ်ကြောင်းများ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရ သောကြောင့် စစ်ဆေးရခြင်းဖြစ်ကြောင်း ပြောသည်။

“အဲဒီရွာတွေ အဝင်အထွက်တွေမှာပဲ ကျွန်တော်တို့က ခဏခဏ ဆွဲမိုင်းတွေ ခွဲခံရ၊ ချောင်းပြီးပစ်ခံရ ဆိုတဲ့ အခါကျတော့ မေးကြည့်လိုက်တဲ့အခါကျတော့ ကျွန်တော်တို့ သတင်းပေးတွေက အဲဒီရွာထဲကနေ ထွက်ထွက် လုပ်နေတာတဲ့။ အဲဒီရွာတစ်ရွာလုံးက AA တွေချည်းပဲတဲ့။ အဲရွာကို ဒီအတိုင်းထားလို့ မရဘူးတဲ့။ သေချာ အဘတို့ စစ်မှ ရမယ်တဲ့။ အဲလို သတင်းပေးလို့ ဝင်စစ်တာ။လိုအပ်ရင်ထပ်စစ်မှာ။ သတင်းပေးရင် ထပ်စစ်မယ်”ဟု နိရဥ္စရာသို့ ပြောသည်။

အိုးထိန်းကျေးရွာသည် အိမ်ခြေ ၃ဝဝ ကျော်ရှိသော ရွာကြီးတစ်ရွာ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်နေ့က အိုးထိန်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးကဝိဓဇ၊ အိုးထိန်း အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနှင့် ကျေးရွာသား ကိုမြတ်မောင်တို့ သုံးဦးသည် မြောက်ဦးမြို့နယ် လင်းမြွေတောင် အနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးပြီး ၂ လကျော်အကြာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ၄င်းတို့သုံးဦးကို တခြားဖမ်းဆီးခံထား ရသူ နှစ်ဦးနှင့် အတူ ကျောက်တော်မှတဆင့် စစ်တွေအမှတ်(၁) ရဲစခန်းကို တပ်ဘက်မှ လွှဲပြောင်းပေးခဲ့ ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်ကို  ဆက်သွယ်မေးမြန်းရာ မိမိတို့ စစ်ဆေးမေးမြန်းရာတွင် AA နှင့် ဆက်စပ်သည့် အထောက်အထား၊ အချက်အလက်များ တွေ့သည့်အတွက် ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရန် ရဲလက်သို့ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရဲတာဝန်ရှိသူများထံ မေးမြန်းပါဟု ဆိုသည့် အတွက် စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှူး ဦးအောင်မြမိုး ကို နိရဥ္စရာက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ သော်လည်း ဖုန်းကိုင်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါ။

--------------------

Unicode


နိရဉ်စရာ၊နိုဝငျဘာ ၂၆ / ၂ဝ၁၉












ဆက်စပ် သတင်းများ