တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

လယ်ကွင်းထဲ မိုင်းပေါက်၍ မင်းပြားကျောက်မှော်မှ လယ်သမားသားအဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.1k

သိန်းဇော်(မောင်တော)
စစ်တွေ၊ နိုဝင်ဘာ ၂၇/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်မှော်ကျေးရွာမှ လယ်သမားသားအဖ ၂ ဦးကို လယ်ကွင်းထဲမိုင်းပေါက်သဖြင့် နိုဝင်ဘာ ၂၆ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုများက ပြောသည်။

ခေါ်ဆောင်ခံရသူနှစ်ဦးမှာ မင်းပြားမြို့နယ်၊ ဖုံသာအုပ်စု၊ ကျောက်မှော်ကျေးရွာမှ အသက် ၆ဝ ကျော်အရွယ် ဦးကျော်မောင်စိန်နှင့် ၄င်း၏သားဖြစ်သူ ဦးအောင်မြဝင်း (၃၅)နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့ နှစ်ဦးအား လယ်ကွင်းထဲမိုင်းပေါက်ကွဲမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ဟုဆိုကာ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မင်းပြားမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အတည်ပြု ပြောကြားသည်။

ငန်းတက်ကျေးရွာသားတစ်ဦးက “သူတို့လယ်ကွင်ထဲမှာမိုင်းကွဲလို့ သူတို့သားဖ နှစ်ယောက်ကို ခေါ်သွားတယ်လို့ ပြောပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့က စစ်တပ်က သွားတဲ့အချိန် ငန်းတက်အုပ်စုကြားနဲ့ ဖုံသာအုပ်စုကြား လယ်ကွင်းထဲမှာ မိုင်းတစ်လုံးကွဲလို့ အဲဒီလယ်ပိုင်ရှင်ကိုဖမ်းလို့ စစ်ဆေးတယ်လို့ ပြောပါတယ်” ဟု ပြောသည်။

ယခုအခါ ဖမ်းဆီးခေါ်ဆောင်ခံရသူ သားဖနှစ်ဦးနှင့် မိသားစုများနှင့် ဆက်သွယ်မရဖြစ်နေသဖြင့် စိုးရိမ်နေကြသည်ဟု သိရသည်။

ယင်းအပြင် နိုဝင်ဘာလ ၂၄ ရက်နေ့က ငန်းတက်ကျေးရွာမှ မောင်အောင်ကျော်ဝင်း(ဘ)ဦးအောင်ကျော်နှင့် ပြိုင်းချောင်းကျေးရွာမှ မောင်သိန်းထွန်းအေး (ဘ)အသိန်းချေတို့နှစ်ဦးမှာ ကျွဲခြံမှအပြန်လမ်းတွင် တပ်မတော် စစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူ မောင်သိန်းထွန်းအေး၏ အစ်မဖြစ်သူ ဒေါ်မရွှေသိန်းက ပြန်လွှတ်ပေးရန် မိသားစုဝင်များ သွားရောက် တောင်းဆိုခဲ့သော်လည်း နောက်သုံးရက်နေမှ ပြန်လွှတ်ပေးမည်ဟု ပြောဆိုလိုက်ကြောင်း  နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“သူတို့က  ပြိုင်းချောင်းဘုန်းတော်ကြီးကျောင်းနောက်က ကျွဲခြံမှာ ကျွဲနဖားထိုးပြီးအပြန် စစ်တပ်က ကျောက်မှော်ဘက်ကိုအလား လမ်းမှာတွေ့ပြီး ၂ ယောက်လုံးကို ဖမ်းခေါ်သွားတယ်။ ဒီနေ့မိသားစုတွေက သွားတောင်းတယ်မရခဲ့ဘူး။ အဲကပြောတာက သူတို့မှာအပြစ်မရှိပါလို့ပြောပါတယ်။ အခုမိုင်းပေါက်ကွဲတဲ့ကိစ္စနဲ့ စီစစ်ဖို့လို့ပြောပါတယ်။ နောက်ထပ် ၃ ရက်နေရင် အတိအကျလွှတ်ပေးလိုက်ဖို့လို့ ပြောလိုက်ပါတယ်။” ဟု ဒေါ်မရွှေသိန်းက ပြောသည်။

ယနေ့ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျောက်မှော်ကျေးရွာမှ ကျော်မောင်စိန်နှင့် ၄င်း၏သားဖြစ်သူ အောင်မြဝင်း၊ နိုဝင်ဘာ ၂၄ ရက်နေ့ကဖမ်းဆီးသွားသူ မောင်အောင်ကျော်ဝင်းနှင့် မောင်သိန်းထွန်းအေး တို့ နှစ်ဦး၊ စုစုပေါင်း ၄ ဦးတို့မှာ လက်ရှိတွင် ဖုံသာကျေးရွာအတွင်း တပ်မတော် စစ်ကြောင်းနှင့် အတူရှိနေကြောင်း မိသားစုဝင်များက ပြောသည်။

------------------------------

Unicode:












ဆက်စပ် သတင်းများ